Tuesday, August 9, 2016

တရုတ်​- မြန်​မာစစ်​ပွဲ ဆင်​ဖြူ ရှင်​မင်းလက်​ထက်



(၁)

တစ်ချိန်တုန်းက..မြန်မာရာဇ၀င်မှာ..
တိတိကျကျပြောရရင် ၁၇၆၀ မှာ..
မြန်မာနိုင်ငံမှာ စစ်ရေးအအောင်မြင်ဆုံးဖြစ်တဲ့..
ဆင်ဖြူရှင်ဘုရင် ဆိုတာနာမည်ကြီးခဲ့ပါတယ်၊

အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရားလက်ထက်က
မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ(ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့သလို..၊
ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်
ဖြစ်တဲ့တရုတ်-မြန်မာစစ်ပွဲ( Seno - Burmese War)
(၄) ကြိမ်စလုံးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ ပထမစစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လအတွင်းမှာ ဆင်ဖြူရှင်မင်းတရားကြီးဟာ
အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ
အခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို
စတင် လုပ်ကြံလာပါတယ် ။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့
မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး
နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။
တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကို
အထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။
ကျိုင်းတုံမြို့တွင်းကတပ်တွေကလည်း ထွက်တိုက်တာနဲ့
တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်၊
တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး
မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်၊
အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊
မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း
ကျဆုံးခဲ့တယ်လို့သိရပါတယ်။
အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရသည့်အတွက် ယူနန်ဘုရင်ခံ
လျူစောက်မှာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။

တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့တရုတ်တို့ဟာ
ယူနန်ဘုရင်ခံသစ်ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊

ဆင်ဖြူရှင်ဟာ တရုတ် တပ်ကြီး မရောက်မီလေးတွင်
ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော
မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ
မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်ပါတယ်၊
ဗန်းမော်မြို့ကို မြန်မာတို့ဟာတင်းကြပ်စွာ
ထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ
လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။

ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန်
ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား
စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့်
နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်..၊
ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ်
ထိုးစစ် ဆင်လာတဲ့တရုတ်တို့ကို စစ်ကူများ ရောက်လာသည့်
တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။

နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည်
သိမ်းပိုက်လိုက်ပြီး တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်ပြီး
ကောင်းတုံခံတပ်မှမြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာ
နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ
တိုက်ခိုက်ပါတယ်၊

တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့
ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု
မှတ်တမ်းများတွင် ဝန်ခံထားကြပါတယ်၊

တရုတ် စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကို
ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊
ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ
တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီးနောက်
ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာစခန်းချ နေသော
တရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊

မြန်မာတို့ဟာ တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း
နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍
စန္ဒားတိုင်အောင် ချီတက်ကြပြီးမဟာသီဟ သူရ၏
စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်၊
နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်များကို မြန်မာ စစ်တပ်ကြီးတွေက
သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊
တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့
တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟုဆိုပါတယ်။
တရုတ်ဧကရာဇ်ချင်းလုံကို ယူနန်ဘုရင်ခံဟာ လိမ်လည်လှည့်ဖျားပြီး
အစီရင်ခံတဲ့အတွက် တရုတ်ဧကရာဇ်ဟာအဲဒီယူနန်ဘုရင်ခံကို
ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်၊

တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------
အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ..

၁၇၆၇ ခုနှစ်မှာ တရုတ်တို့ တတိယအကြိမ် ချီလာပြန်ပါတယ်၊
ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦး
လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီကို ခန့်အပ်ပြီး စစ်သည်
၅၀၀၀၀ ပါဝင်တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊
မင်ယွီဟာသူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကိုသူကိုယ်တိုင်လိုက်ပါပြီး
သိန္တီ ကိုချီတက်ပါတယ်၊

မင်ယွီဟာ မန်ချုးဧကရာဇ်ချင်းလုံရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန်
နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အတွက်ဘုရင်က သူ့သမီးနဲ့
ထိမ်းမြားလက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊
တရုတ်သမိုင်းမှာထင်ရှားတဲ့စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..

သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူသိမ်းပိုက်ပြီးတဲ့အခါ
မင်းကြီး မဟာစည်သူ ကွပ်ကဲတဲ့ မြန်မာ တပ်ကြီးဟာ တရုတ်တို့ စစ်ဦးကို
ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်၊
မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးဟာ ရွှေစာရံမှ မြစ်ငယ်မြစ်ကို
ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်၊
နေမျိုးစည်သူ ကွပ်ကဲတဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာ
တရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲသော တပ်ကို ဆီးပြီးတိုက်ခိုက်ဖို့
ချီတက်ခဲ့ပါတယ်၊

ဂုတ်ထိပ် အရပ်မှာ မဟာစည်သူ တပ်နဲ့ မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ပြီး
တိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊

အဲဒီနောက်မှာတရုတ်တပ်တွေဟာဆက်လက်ချီတက်လာပြီး တစ်ကြောင်းက
ယခုဝမ်ခေါင်းရွာ (ယခုမေမြို့အနီးစခန်းအနီး) အထိရောက်လာခဲ့သလို
အင်းဝအနီးမှာရှိတဲ့ မြစ်ငယ် မြစ် ကမ်းအနီးကမှ စဥ့်ကူးအထိရောက်ခဲ့ပါတယ်..၊
အရမ်းကိုနီးကပ်တဲ့အနေအထားပါ...

ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲ
တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်၊

သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ်
ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ်ရောက်ရှိခဲ့တာကြာလောက်ပါပြီ..၊

အဲဒီအချိန်က..
မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင်မူတည်ခဲ့တာပါ

မြန်မာ့သမိုင်းရဲ့အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာ
ရင်ဆိုင်ခဲ့ရတာပါ..၊

တချက်တိမ်းတာနဲ့ တနိုင်ငံလုံးတုန်လှုပ် ခြောက်ခြား၍ အစည်းပြေပြိး
တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက်မဲ့အနေအထားပါ၊

ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေနီးကပ်နေတာကို.. တုန်လှုပ်မှုမရှိပဲ
ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့ပါတယ်။

တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက်
ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကို
သူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်၊

အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရနဲ့
တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာ တပ်ကြီးတွေဟာလဲ တရုတ်စစ်တပ်
အချင်းချင်းမဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် တရုတ်စစ်ကူတပ်နဲ့
ရိက္ခာထောက်တပ်များကိုဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊

မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိတဲ့အချိန် ရိက္ခာများ
အရေးတကြီး လို၍ နေတဲ့အချိန်မှာမှ မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ဖို့
အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက်တပ်တွေဟာ
မြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့်
လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်၊

မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့အနီးဆုံးနေရာကိုရောက် လာတဲ့အချိန်မှာ
မြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကို
ပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်၊
ဒါပေမဲ့ မင်းကြီး မဟာသီဟသူရက" နောက်ထပ် တရုတ် စစ်ကူနဲ့
ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ် "လို့ အမိန့်ပေးခဲ့တာပါ၊
စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့်
လာရောက် ပူးပေါင်းပါတယ်၊
ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါ
အခါ သိန္တီမှာရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီး
မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်...

အဲဒီနောက်ပိုင်းမှာ မင်ယွီရဲ့စစ်တပ်ကြီးပဲကျန်ပါတော့တယ်..၊
ဤတွင် မြန်မာတို့အဖို့ တရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။
မင်ယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ
စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ်၊

မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော
မြန်မာ တပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင်
ရောက်နေကြောင်း သိတဲ့အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ
မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့ပါတယ်.၊

ပထမပိုင်းဂုတ်ထိပ်မှာအရေးရှုံးနိမ့်ခဲ့တဲ့..
မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီး
မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက်တောင်တန်းများကို
ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်ပါတယ်၊

မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီး
အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်ယွီရဲ့တပ်ဟာ အကျအဆုံး
များလာခဲ့ပါတယ်၊

မြန်မာတပ်တွေရဲ့တိုက်ခိုက်မှုဟာ တရုတ်တပ်တွေရဲ့အင်အား ၃၀၀၀၀
ကို ၃ ရက်လုံးလုံး အပြင်းအထန်တိုက်ခိုက်တဲ့အတွက် တရုတ်
မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲကျန်ရှိခဲ့ပါတယ်၊
မြန်မာစစ်သည်တွေရဲ့ဓားတွေဟာသွေးတွေနဲ့ လက်တွေမှာစေးကပ်ပြီး
ခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာရေးသားခဲ့ကြပါတယ်၊

မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင်တင်းကြပ်စွာ
ပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော်
မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး..

မြန်မာတပ်တွေအ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာ
သူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကိုကျွေးပြီး
သူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသားစားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာ
ရေးသားခဲ့ကြပါတယ်၊

နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကို
ပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်၊
အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အားငါးသောင်းရှိတဲ့
တရုတ်တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ
၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ပြန်လည်
ဝင်ရောက်လာပါတယ်၊စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့
လွန်စွာ အားထားရတဲ့မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊

ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော
မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍
နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့ပါတယ်၊ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့
ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍
လှည့်ကြပါတယ်၊

ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ
စစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်၊
ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ၏
ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊
သို့သော် ဗန်းမော်ဟာ မြန်မာတို့ အဖို့ အရေးပါ အားထားသော
စခန်းဌာန မဟုတ်ခဲ့ပါ၊

ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော
ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်
စခန်းတွင် တည်ဆောက်ခဲ့ပြီးစစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို
လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို
လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊

အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော
မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့်
ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊

မြန်မာ စစ်မှူး စစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက်
စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီး
တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...

ကောင်းတုံကို မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း
တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို
ခံကြရပါတယ်..

ထို့နောက် ရွှေညောင်ပင်တရုတ်ခံတပ်ကို မြန်မာတို့အပြင်းအထန်
ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ
တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်၊

မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး
စုပုံ ကျဆုံးကြပါတယ်၊

တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက
ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက်တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့ပါတယ်၊

----------------------------------
(၂)

ထူးခြားတာတစ်ခုကို တွေ့ရပါတယ်...

တရုတ်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတာကို တရုတ်တို့ စကားကမ်းလှမ်းလာလျှင်
ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်၊
ဘုရင့်အမိန့်ကို မခံယူတော့ဘဲ လက်ခံခဲ့ပါတယ်၊

ထိုသတင်းကိုကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ အမျက်တော်ရှသွားပါတယ်

ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး..
လက်ဆောင်ပဏ္ဍာတွေကို အဲဒီစစ်တပ်ကြီးက အကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့
ဇနီးများအား ရွက်စေလျက် သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့
ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ်၊

အဲဒီလိုတရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တဲ့
သူရဲကောင်းတွေကိုတောင်
ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင် အခုလိုတရုတ်ကိုကြောက်နေတဲ့
မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆင်ဖြူရှင်ဟာ သေဒဏ်အထိ ပေးနိုင်ပါတယ်၊

-------------------------------------------

(၃)

နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာ
ထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို..
ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်း
မရှိတာကိုလဲ လေ့လာမိပါတယ်၊

ပြီးတော့ စစ်ထွက်တွေ ထောက်ပြုတ်တွေကလဲ ..
အဲဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီး အကျယ်တ၀င့်သုံးသပ်ခြင်းမျိုးတွေ
မရှိတာကလဲ ထူးခြားပါတယ်..၊

ပိုဆိုးတာက....

မြန်မာတရုပ်စစ်ပွဲ (၄) ကြိမ်စလုံးမှာ...

မြန်မာတပ်တွေဟာ...

ဧရာဝတီဆိုတဲ့ မြစ်ကြီးကို...
အသုံးချပြီး...ခံတပ်တွေဆောက်၊
ရေတပ်တွေထုတ်ပြီး..
တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို..

တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့..
မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ..
ရှမ်းပြည်နယ်အရှေ့ပိုင်းက..
သစ်တောကြီးတွေကို အသုံးချပြီး..

တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို...
ထိထိရောက်ရောက် ချေမှုန်းခဲ့တာဖြစ်ပါတယ်..







Cd - မြန်မာ့ ရာဇဝင် မြန်မာ့သမိုင်း

ဒုတိယ မြန်​မာနိုင်​ငံတည်​​ထောင်​သူ ဘုရင့်​​နောင်



မြန်မာသမိုင်းတွင် နောင်ရိုးတိုက်ပွဲသည် သမိုင်းဝင်တိုက်ပွဲတပွဲ ဖြစ်သည်။ ထိုတိုက်ပွဲနှင့်အတူ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ဂုဏ်သတင်းမှာလည်း အထူးထင်ရှားလာခဲ့သည်။ ဘုရင့်နောင်ကို မင်းကြီးဆွေနှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီးတို့က သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)တွင် မွေးဖွားသည်။ ငယ်မည်မှာ ရှင်ရဲထွတ်ဖြစ်သည်။ သက္ကရာဇ် ၈၉၂-ခုနှစ် (ခရစ်နှစ်-၁၅၃၀) တွင် မင်းတရားရွှေထီး နန်းတက်သောအခါ ရှုင်ရဲထွတ်၏ ခမည်းတော်မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ အပ်နှင်းသည်။

ရှင်ရဲထွတ်သည် ဘုရင်တပင်ရွှေထီးအထံတော်၌ ကျော်ထင်နော်ရထာအမည်နှင့် အမှုတော်ထမ်းရွက်ရ လေသည်။ ခရစ်နှစ် ၁၅၃၂-ခုနှဏ်တွင် ဟံသာဝတီနေပြည်တော်၊ ရွှေမော်ဓော ဘုရားရင်ပြင်၌ သူရဲကောင်း ၅၀၀-ရွေးချယ်ခြင်းကို ကျော်ထင်နော်ရထာ စီစဉ်ခဲ့သည်။ ထိုအချိန်သည် တောင်ငူနှင့် ဟံသာဝတီ အားပြိုင်သည့်အချိန်ကာလလည်း ဖြစ်သည်။ တောင်ငူတွင် မင်းတရားရွှေထီး နန်းစံပြီး ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ နန်းစံလျက်ရှိသည်။

ခရစ်နှစ် ၁၅၃၇-ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို စစ်သည်အလုံးအရင်းနှင့် ချီတက်တိုက်ရာတွင် မင်းတရားရွှေထီး အနိုင်ရသဖြင့် သူရှင်တကာရွတ်ပိသည် ပြည်မြို့သို့ တိမ်းရှောင်၍ ပြည်ဘုရင် နရပတိနှင့် ပူးပေါင်းခုခံသည်။ သို့ဖြစ်၍ မင်းတရားရွှေထီးသည် ပြည်သို့ ချီတက်ရန် စီစဉ်ခဲ့သည်။ တောင်ငူတပ်ကို ကျော်ထင်နော်ရထာက ဦးဆောင်ချီတက်ရသည်။ မြန်မာရာဇ၀င်များဖြစ်သည့် မှန်နန်းရာဇ၀င်ကြီး၊ တွင်းသင်းတို့တွင် နောင်ရိုးတိုက်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားသည်။
(နောင်ရိုးတိုက်ပွဲနှင့် ကျော်ထင်နော်ရထာ)
ကျော်ထင်နော်ရထာသည် ဟံသာဝတီ၌ သိုဝှက်ထားသော တိုက်လှေများကို ဆုလာဘ်ပေး၍ ယူစေပြီးသော် လှေတပ် ၇-တပ်ဖွဲ့ကာ ရေကြောင်းမှ မင်းတရားကြီးအား ချီတော်မူစေသည်။ ရေတပ်၊ ကြည်းတပ် ကိုယ်မကွာ ချီရမည်ဆို၍ သတိုးဓမ္မရာဇာ အစရှိသူတို့ကို တပ် ၄-တပ်တွင် ဦးစီးစေလျက် လှေတပ်များနှင့် ထက်ကြပ်မကွာ ချီတက်စေလေသည်။ ကျော်ထင်နော်ရထာကိုယ်တိုင်လည်း တိုက်ဆင်-၅၀၊ မြင်း-၅၀၀၊ စစ်သည်သူရဲ-၁၀၀၀၀၊ ဆင်စီးအမတ် ၅-ကျိပ်နှင့် ကုန်းကြောင်းမှပင် ချီတက်လိုက်ပါလာရာ နောင်ရိုးသို့ရောက်၏။ ချောင်းတခု တားဆီးနေသဖြင့် ထိုချောင်းတဖက်၌ ရပ်နားနေရသည်။

ကျော်ထင်နော်ရထာသည် မင်းမှုထမ်းတဦးအား အမြင့်ဆုံးသစ်ပင်ထိပ်သို့ တက်စေ၍ ကြည့်ရှုစေရာ ရန်သူတပ်သည် မိမိတို့တပ်ထက် မှန်းခြေအားဖြင့် ဆယ်ဆမက ကြီးမားလှသည်ဟု လျှောက်တင်ခဲ့သည်။ နောင်ရိုးတဖက်ကမ်းတွင် ပြည်ဘုရင်ထံသို့ ရေကြောင်းဖြင့်ဆုတ်ခွါ ထွက်ပြေးသော သုရှင်တကာ ရွတ်ပိ၏အမတ် ဗညားဒလနှင့် မင်းရဲအောင်နိုင် အစရှိသူတို့သည် တိုက်ဆင် ၂၀၀၊ မြင်း ၈၀၀ နှင့် စစ်သည်သူရဲ ၈၀၀၀-တို့ကို တပ်ကြီး ၅-တပ်ဖွဲ့၍ တပ်ချရပ်နား နေကြသည်။
(စစ်တို့၏သဘော)
ကျော်ထင်နော်ရထာအနေဖြင့် ရန်သူ၏အင်အားမှာ မိမိတို့အင်အားထက် ၁၀-ဆသာလွန်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက်တိုက်ပွဲဝင်ရန်သာ ပြင်ဆင်ခဲ့သည်။ စစ်တို့၏သဘောသည် နည်းသည်များသည် မဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ဆင်ရာ၌ နည်းပရိယာယ်သာ လိုရင်းဖြစ်သည်-ဟူသော ကျော်ထင်နော်ရထာ ပြောကြားခဲ့သော စကားသည် သမိုင်းတွင်သည့် စကားဖြစ်လာခဲ့သည်။

ကျော်ထင်နော်ရထာသည် မိမိတပ်များကို ဖောင်များဖွဲ့စေပြီးလျှင် တဖက်ကမ်းသို့ ချောင်းကိုဖြတ်၍ ဖောင်နှင့်ကူးစေသည်။ တဖက်သို့ရောက်လျှင် မိမိတပ်သားများ နောက်မတွန့်စေဘဲ တိုက်ခိုက်နိုင်စေရန် ဖောင်များကို ဖျက်စေသည်။ ထို့နောက် ငါတို့အောင်မြင်လျှင် အသက်ရှင်မည်၊ မအောင်မြင်ခဲ့လျှင်လည်း ငါတို့သေရမည်။ သေလေပြီးသည်ကိုလည်း ဘယ်သူ့ကို အပြစ်တော်တင်ရမည်နည်း-ဟု တပ်မှူးစစ်ကဲအပေါင်းအား စိတ်နှစ်ခွမရှိစေရန် ရှင်းလင်းမိန့်တော်မူသည်။ ထို့နောက် စစ်ကြောင်းများခွဲ၍ တိုက်စေသည်။ ကျော်ထင်နော်ရထာ ကိုယ်တိုင် ဆင်စီးအမတ်-၂၀၊ မြင်း-၁၁၀၊ စစ်သူရဲ-၄၀၀၀ နှင့် တိုက်ခိုက်လေသည်။ ကျော်ထင်နော်ရထာ၏ စစ်ဗျူဟာ ကျွမ်းကျင်မှုကြောင့်လည်း နောင်ရိုးတိုက်ပွဲတွင် တောင်ငူတပ်သားတို့ အောင်ပွဲရရှိခဲ့သည်။

နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသဖြင့် မင်းတရားရွှေထီးသည် ယောက်ဖတော်သူ ကျော်ထင်နော်ရထာအား ဘုရင့်နောင်-ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ ဗျူဟာစက္ကပျို့တွင်လည်း နောင်ရိုးတိုက်ပွဲနှင့် ဘုရင့်နောင်ဘွဲ့ ရပုံအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။

(နောင်ရိုးတိုက်ပွဲ တည်နေရာ)
နောင်ရိုးတိုက်ပွဲသည် သမိုင်းတွင် ထင်ရှားခဲ့သော်လည်း နောင်ရိုး၏တည်နေရာနှင့်ပတ်သက်၍ တိတိကျကျ မရှိလှချေ။ အချို့လည်း နောင်ရိုးသည် ပြည်မြို့အနီးတွင် ရှိသည်ဟု မှန်းဆကြသည်။ ရာဇ၀င်များတွင် တွေ့ရှိရသော တောင်ငူတပ်များ စစ်ချီလမ်းကြောင်းကို လေ့လာကြည့်သောအခါ သုရှင်တကာရွတ်ပိသည် နောင်ရိုးပျက်သောအခါ ပန်းမတီဝ၌ မနေ၀ံ့သဖြင့် အင်္ဂပူအထိ ဆုတ်ခွါသွားသည်ဟု သိရပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ အနော်ရထာဘက်ခြမ်းတွင် ပုသိမ်နှင့် မြောင်းမြ၏အကြား၌ ပန်းမတီမြစ်ဟုရှိသည်။ ရာဇ၀င်များတွင် ပန်းမ၀တီဟု မှားယွင်ဖော်ပြခြင်းဖြစ်မည်ဟု 

ဒေါက်တာ သန်းထွန်း၏ သမိုင်းမှတ်တမ်း ထဲမှ သိလာရသော မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။


မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်းကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင်ထဲက ပုဂံတော့မဟုတ်။ ဘုရားသမိုင်း အထွေထွေမှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာတို့၏ အထင်ကရကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက်အ ထားနှင့် တကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။

(က)။ပုဂံ ဆိုတာ ။

ပုဂံ ဟူသောအမည်နာမကား မြန်မာအမည် မဟုတ်ပေ။ ပျူအမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူတည်ထောင်သော ရွာ/ ခံမြို့ ဖြစ်ပါသည်။ ဟလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည်အစရှိတဲ့ အောက်ပိုင်းပျူတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတထောက်အဖြစ် ပျူဝတ် (Phyu vatsu) ပျူဂါမ (Phyugama)က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။ တည်ထောင်သော လူမျိုးကို အစွဲပြုပြီး ပျူဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး၏ အလယ်ဗဟို လည်းဖြစ်၍ တကြောင်း၊ နယ်အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်းတည်ရှိရာ ဧရာဝတီ မြစ်ကြီးအပေါ် တည်ရှိနေ၍ သော် တကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီးတည်ရှိရာ ဗဟိုအုပ်ချုပ်ရေး မဏ္ဍလ (အဝန်းအဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။ ဤသို့သတ်မှတ်ရာ မြန်မာတို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန်ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှစတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှစ၍ အိန္ဒိယတောင်ပိုင်းသားတို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှပုဂံ ပြည်ရှိ မြန်မာတို့သည် ဗြဟ္မ လူမျိုးဟု ခံယူခဲ့ ပုံရပါသည်။

(ခ)။တည်ထောင်ပုံ။

ပုဂံ သည်လည်း အခြားသောမြို့ပြနိုင်ငံများကဲ့သို့ပင် မူလရွာ၊ ရွာ မှမြို့ ၊ မြို့မှမင်းနေပြည်တော် ဖြစ်လာမည်ဟု တွေးဆမိပါသည်။ ပုဂံမြို့ ဟူ၍စတင်တည်ရှိနေသည်မှာလည်း ခရစ်နှစ်အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။ပျူလူမျိုးများ ခရစ်မပေါ်မီ အနှစ်နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟုခေါ်တွင်မည်ဖြစ်သော ဒေသကို ဝင်ရောက်နေထိုင်လျက်ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသတွင် ပုဂံ လည်းအပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပဟု အစောပိုင်း တွင်အမည်ရခဲ့ သော ပုဂံ ကိုအကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါမင်းပင်ဖြစ်သည်။ မည်သူတည်ထောင်သည် ဘယ်မင်းဆက်ကစသည်ကို အပြော ခက်( အထောက်အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်းမှသာ စပြောလျှင် သင့်ပေမည် ။ပုဂံ သည်

(၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်းတည်ရှိသည်။ မင်းပိုင်နက်စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ၌ မြစ်သာတစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။ တောင်ပိုင်း တွင်တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်းအတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိအပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ်ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက်လယ်ဧက ကို ခရိုင်(န်) ၊ ထိုမှ တိုက်သို့ကြီးကျယ်လာရာမှ တိုက်ခရိုန်ထက်တိုးတက် လာပြီး နိုင်ငံထူထောင်ရန် အခွင့်သာလာခဲ့သည်။ လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံလာ၍ အနုရုဒ္ဓါမင်းလက်ထက်တွင် ပုဂံသည် မြန်မာ လက်နက်နိုင်ငံ၏ အချက်အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ထိုမင်းကိုဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက်တွင် ပုဂံ ၏သြဇာအာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည်ကို ၎င်းဘွဲ့အမည်နှင့် မြေပုံဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။ ဒုတိယစည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ်( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ(Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ်အ ထိကျယ် ပြန့် လျက် ရှိသည်။ 

(ဂ)။ အမည်နာမ၊ မှတ်စုအထွေထွေနှင့် ပုဂံ ။

ပုဂံ၏ပါဠိ အမည်ကား အရိမဒ္ဒပူရ ( ရန်မျိုးနှိမ်မြို့ ) ဟု အဓိပ္ပါယ် ရသည်။ တိုင်းရင်းသားအမည်နှင့် ခေါ်ခြင်းမျိုးလည်းရှိ၍၊ မွန်တို့ က ပေါကာမ် ( သို ) ပုကာမ် ( သို့ ) ဗုကာမ် ဟုရေးသားဖော်ပြလေ့ ရှိပါသည်။ မွန်တို့ကပင် ပုဂံ နှင့် ပတ်ဝန်းကျင် ကို တတ္တဒေသ (ခမ်းခြောက်ရာအရပ်) ဟု ခေါ်စမှတ်ပြုသည်ကိုလည်း မှတ်သား ဖွယ်တွေ့ရပါသည်။ ပုဂံ တရုတ်ပြည်သွား ခရစ်နှစ် ၁၂၇၃ခု ငြိမ်း ချမ်းရေးသံအဖွဲ့ခေါင်းဆောင် ရှင် ဒိသာပါမောက်က ပုဂံ ကိုဖော် ပြရာ၌ တမ္ဗဒီပ ( ကြေးနိုင်ငံ ) ဟူသောအခေါ်ကို သုံးပါသည်။ ပုဂံ ၏လူဦးရေကို ပုဂံ ကျောက်စာတို့တွင်ပါသော စပါးစိုက် ၊မြေပယ် ဧရိယာနှင့်စပါးအထွက်ကို ယူ၍ခန့်မှန်းရလျှင် လူဦးရေ တစ်သန်း အထက်နှင့် နှစ်သန်းအောက်ရှိပေမည်။ ယခုတွေ့ရသော မြို့ရိုး မူကား ခရစ်နှစ် ၁၈၂၄ တွင် ရန်သူလာပြီဆိုမှ မြန်မြန်တင်ထား သော မြို့ရိုးဖြစ်သည်။ ပုဂံ ဝန်းကျင်ဒေသသည် သဲမြေဖြစ်၍ အုတ်မလုပ်နိုင်။ စေတီပုထိုးတို့ တည်ရန်အတွက် အုတ်ကို စလေနယ်၊ စလင်းနယ်တို့မှ ပုဂံ အရောက် လှေ၊လှည်းတို့ဖြင့် သယ်ယူကြရသည်။ ပုဂံ ဝန်းကျင်ဒေသသည် သက်တမ်းအနှစ် သန်း ၃၀ မှ ၆၀ ရှိရခိုင်ရိုးမကြောင့် မိုးရိပ်ကျ ဧရိယာဖြစ်၍ လွန်ခဲ့ သော နှစ်ပေါင်း ၃ကုဋေကျော် ၆ကုဋေ မရှိတရှိကပင် သဲကန္တာရတပိုင်း(semi-desert) ဖြစ်နေပေသည်။

(ဃ)။ ပုဂံ မင်းဆက် ။

မှတ်တမ်းရှိမှသမိုင်းမည်သည် သတ်မှတ်ကြပါစို့။ မှတ်တမ်းမရှိ သောကာလကို အကြိုသမိုင်း (Pre-history) လို့ သတ်မှတ်ကြပါ သည်။ မြန်မာ့မှတ်တမ်း တွေကို မြန်မာဘာသာ အက္ခရာတင်ပြီး ရေးသားသည့် အမှတ်အသားမှာ ခရစ်နှစ် ၁၁ ရာစုနောက်ပိုင်း ထက်ဝက်ကာလမှ စတင်တွေ့ရှိသည်။ ထိုမှတ်တမ်းမှ အစပြု၍ ပုဂံ မင်းဆက်ကို ဖော်ပြရလျှင်
(၁)။ အနိရုဒ္ဓ ၊ အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇)
(၂)။ ဂြီဝဇြာဘရဏ ၊မင်လုလင်၊ စောလူး (အေဒီ ၁၀၇၇-၁၀၈၄)
(၃)။ထိလိုင်မင်၊ကျန်စစ်သား (အေဒီ ၁၀၈၄-၁၁၁၃)
(၄)။ ပထမ စည်သူ၊ အလောင်းစည်သူ(အေဒီ၁၁၁၃-၁၁၆၀)
(၅)။ ဤမ်တဝ်သျင်၊ နရသူရ၊နရသူ (အေဒီ ၁၁၆၀-၁၁၆၅)
(၆)။ ဒုတိယစည်သူ၊နရပတိစည်သူ ( အေဒီ ၁၁၆၅-၁၂၁၁)
(၇)။ နာတောင်မျာ၊ ဇေယသွတ် (အေဒီ ၁၂၁၁-၁၂၃၁)
(၈)။ နရသိင်္ဃဥဇ္ဇာနာ (အေဒီ ၁၂၃၁-၁၂၃၅)
(၉)။ က္လစွာ၊ကျစွာ (အေဒီ ၁၂၃၅- ၁၂၄၉)
(၁၀)။ ဥစ္စနာ (အေဒီ ၁၂၄၉-၁၂၅၆)
(၁၁)။ မင်ယန် (အေဒီ ၁၂၄၉- နန်းသက်-၂ လ)
(၁၂)။ တတိယစည်သူ၊နရသီဟပတိ၊ တရုက်ပ္လိယ် (အေဒီ ၁၂၅၆-၁၂၈၇)မှတ်ချက်။ ဤမင်းလက်ထက်တွင် မွန်ဂိုစစ်တပ် တို့ ပုဂံကို လာရောက်တိုက်ခိုက်၍ မွန်ဂိုတရုတ်တို့လက်မှ ထွက် ပြေးတိမ်းရှောင်ရလေသည်။ ပုဂံ ကိုအလုံးစုံသိမ်းယူ နိုင်သော် လည်း ရှေးမင်းဆက်ကိုပင် ပြန်လည်ထူထောင် ပေးခဲ့ကြပါ သည်။
(၁၃)။ ရှယ်နန်သျှင်၊ ကျော်စွာ (အေဒီ ၁၂၇၉-၁၂၉၇)
(၁၄)။မင်လုင်စောနှစ် ၊စောမွန်နစ် ( အေဒီ ၁၂၉၇- ၁၃၃၄)တို့ဖြစ် ပါသည်။ ပုဂံ မင်းနေပြည်တော်မှာ ဗဟိုချုပ်ကိုင်မှု ကင်းကွာပြီး သူတလူ ငါတမင်းဖြစ်လာကြကာ အတွင်းပိုင်း လှိုက်စားသော အန္တာရယ်အပြင် ပြင်ပက လာရောက်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ ပုဂံခေတ်မပျက်သုန်းမီကပင် အင်္သချာင်္(အသင်္ခယာ) ၊ ရာဇသင်္ကြန်၊ သီဟသူရ ရှမ်းညီနောင်သုံးပါးတို့မှ မြင်စိုင်းအရပ်၌ ပင်ယခေတ်ကို တည်ထောင်ပြီးဖြစ်လေသည်။ 

(င)။ ပုဂံခေတ်ဆိုင်ရာ ကိုးကွယ်မှု။

ဘာသာရေးကိုလည်း ပျူတို့ထံမှ ဆက်ခံခဲ့မည်ဟု ယုံကြည်ရပါ သည်။ မိရိုးဖလာ နတ်ကိုးကွယ်မှုကိုလည်း မစွန့်လွှတ်ခဲ့ကြပေ။နတ်ကိုးကွယ်မှုသည် သရပါတံခါးရှိ အစောင့် နတ်မင်းက သက်သေပင် ဖြစ်သည်။ခရစ်နှစ် ၁၁ ရာစုတွင် ပုဂံရှိ မြန်မာတို့သည် ဗုဒ္ဓသာ သနာ ကိုသက်ဝင်ယုံကြည်ပြီး ဖြစ်နေလေသည်။ မြေပုံဘုရားမှစာ တွေ့ အရ ဗုဒ္ဓကို ကိုးကွယ်သလို၊ ဗောဒိသတ္တကိုလည်း ကိုးကွယ်သည်။ ခရစ်နှစ် ၁၁ ရာစုက ပုဂံရှိ မြန်မာတို့သည်ဗုဒ္ဓ သာသနာကို မဟာ ယာနဂိုဏ်းနှင် ဟိနာယာနဂိုဏ်း နှစ်မျိုးလုံး ကိုးကွယ်ကြသည်။ နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများတွင် ဗြဟ္မဏ အယူဖြင့် ဟူးရားခေါ် ပုဏားက အခါပေး၊ ဘိသိတ်ဆက်၊ ထိမ်းမြား လက်ထပ်ပေး စသည်ဖြင့် နတ်ပ သ ခြင်းကိုလည်း လက်ခံလေ့ရှိသည်။ ပုဂံခေတ်အစောပိုင်းနှင့် အလယ်ပိုင်းတို့ တွင် လူအများစုမှာ စာဖတ်တတ်ခြင်း မရှိသေး၍ ဇာတ်တော် များ၊ တရားတော်များကို ဂူဘုရားများ၏ နံရံတွင် ပန်းချီရေးဆွဲ သရုပ် ဖော်ထားခြင်းဖြစ်ပါသည်။ ပိဋိကတ် သုံးပုံမှာ ထိလိုင်မင်း လက်ထက်ကုန်ခါနီးမှ သီဟိုဠ်မှ ရသည်ဟု ကျောက်စာတွင် ရေးထိုးခဲ့ ပေသည်။ ပါ ဋိဘာသာတတ်ကျွမ်းသော ရဟန်းတော် များကို မြန်မာဘာသာ ပြန်စေ၍ ပါဋိသဒ္ဒါကို အလေး ပေးသင်ကြားစေပြီး သဒ္ဒါကျမ်းများ ကိုရေးသားခဲ့ပေသည်။

(စ)။ ပုဂံခေတ်ဆိုင်ရာ သာသနိကအဆောက်အအုံများ။

ပုဂံ အကြောင်းဆိုလျှင် မပါမဖြစ်မှာ ရှေးဟောင်းသမိုင်းဝင် ဒေသ ရှိ စေတီပုထိုးများ အကြောင်းပင်ဖြစ်သည် ။အမျိုးသား စည်းလုံး ရေးမှာ ထိရောက်စွာ အောင်မြင်ခဲ့သော ရလာဒ်အဖြစ် သာသ နိက အဆောက်အအုံများကို အပြိုင်အဆိုင် ဆောက်လုပ် လှူ ဒါန်းခဲ့ နိုင်သည် ။ပုဂံ ခေတ်ပြည့်ရှင်မင်းများသည် ဘုရားကျောင်းကန်များ ဆောက်လုပ်လှူဒါန်းကြပြီး သာသနာ့  ဒါယိကာအဖြစ်ကို ဂုဏ်ယူမြတ်နိုးစွာ ခံယူကြလေသည် ။ ပုဂံပတ်ဝန်းကျင်ရှိ ဘုရား၊စေတီ၊ပုထိုးများကို နှစ်အနည်းငယ်းအတွင်း အင်တိုက် အားတိုက်တည်ထားခဲ့ သလောဟုမေးခဲ့လျှင် ။ ပုဂံခေတ်မှာ အနှစ် ၄၀၀ ကျော်ကြာမြင့် ခဲ့ရာ ဤမျှလောက်များပြားသော စေတီပုထိုး တည်နိုင်ရန် အချိန်ကောင်းကောင်းရနိုင်ပါသည်။ လှည်းဝင်ရိုးသံ တညံညံ ဟူ၍ ၄၄၄၆၇၃၃ ဆူတော့မရှိ၊ ရှေး ဟောင်းသုတေသန ဌာနမှရေတွက်ထားသဖြင့် ၂၂၁၇ ဆူ အတိအကျရှိပါသည်။ကမ်းပါးမှာ ကျောက်ကမ်းပါး ဖြစ်၍ ကမ်းပြို သောကြောင့် ရေဆင်းသွားသောစေတီဟူလည်းမရှိနိုင်ပေ ။ စေ တီအချို့မှာ အပျက်အစီးများ၍ အချို့မှာ အပျက်အစီး သိပ်မရှိပေ။ စေတီ တို့မှာစုစုပေါင်း မြေဧရိယာ ၁၆ စတုရန်းမိုင် အတွင်း ဖြန့် ကျက်လျှက် တည်ရှိနေပေသည်။စေတီ၊ ပုထိုးများကို မည်သည့်မင်းတည်ခဲ့သည် ဆိုသည်ထက် တည်ထားပုံ လက်ရာ နှင့်သဏ္ဍာန်ဖြင့်ခွဲခြားလျှင်ပို အဆင်ပြေမည်ဖြစ်၍ အကျမ်းဖျင်း ဖော်ပြရသော် 
(၁)။ ခရစ်နှစ် ၁၀ ရာစု တည်ထားသော ရှေးအကျဆုံးစေတီ (ထူပါ) သည် အိန္ဒိယ ဆန်ချီ (ထူပါ) ပုံသဏ္ဍာန်အတိုင်း စက်ဝိုင်း ထက်ခြမ်း၊ ကြက်ဥပုံလုံးလုံး တည်ထားကိုးကွယ်ကြသည်။ 
(၂)။ ထူပါပုံသဏ္ဍာန် မုန်းပေါင်းပုံကုန်းကြီးကို ခါးရှည်ပေးလျှက် မီးပြောင်းပုံ လုံးလုံးရှည်ရှည် နှင့် ပျူ၊သရေခတ္တရာပုံစံယူလျှက် တည်ထားကိုးကွယ်ကြသည်။( ဥပမာ။ ဗူးဘုရား၊ငကျွဲနား တောင်း၊ လောကနန္ဒာ)
(၃)။ နောက်ပိုင်း တွင် သပိတ်မှောက်၊သင်္ကန်းပတ်တို့ ကိုခေါင်း လောင်းပုံ / ဘဲဥပုံ အသွင်နှင့် စေတီများကို တည်ထားကိုးကွယ် ကြသည်။ ( ဥပမာ။ ရွှေစည်းခုံ၊ ရွှေဆံတော်၊ မင်္ဂလာစေတီ။)
(၄)။ မူလ ဟိန္ဒူကျောင်းကို အလားတူ ပုံစံပြန်လည်ပြုပြင်၍ ဂန္ဓကုဋီတိုက် အဖြစ် ကိုး ကွယ်သည်။( ဥပမာ။ စေတနာကြီး။) 
(၅)။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ ) ပုံစံကို တိုက်ရိုက်ယူပြီး တည် ထားကိုးကွယ်ကြသည်။( ဥပမာ။ ဆပဋနှင့် ပေပင်ကျောင်း)
(၆)။ ဂူဟဆိုတဲ့ တောင်ကြောပေါ်က သဘာဝလှိုင်ဂူကို အတုယူ ပြီး ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ် ဖို့ တည်ထားကိုးကွယ်ခဲ့ ကြသည်။
(၇)။မြောက်အိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ အာနန္ဒာ) 
(၈)။ ဗဟိုအိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ မဟာဗောဒိ) 
(၉)။ တောင်အိန္ဒိယ လက်ရာအတိုင်း ပြသာဒ်များဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကန်တော့ပလ္လင်၊ စူဠာမုနိ)
(၁၀)။ အဇန္တပုံစံကို အတုယူ၍ ဥမင် လို့ခေါ်တဲ့ ကမ္မဌာန်းထိုင် နိုင်သော ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကျောက်ကူးဥမင်၊ ကျန်စစ်သားဥမင်) 
(၁၁)။ ပိဋကတ် သုံးပုံအဖွင့်ကျမ်း များထားသိုရန်ရည်ရွယ်၍ သီမ (သိမ်) ၊ပိဋကတ်တိုက် ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။
(၁၂)။ ကိစ္စတစ်မျိုးထက် ပို၍အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ သဗ္ဗညုဘုရားဟာ ဘုန်း ကြီးကျောင်း၊ ပိဋကတ်တိုက်၊ ဘုရားကျောင်း၊ စေတီ စသည်ဖြင့် လေးမျိုးအသုံးပြုနိုင်ပေသည်။)
(၁၃)။ အလင်း၊ အမှောင်၊ မလင်းမမှောင် အခြေအနေဖြင့် စေတီကို တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ပုဂံ ခေတ်ဦး ဘုရားကျောင်းအတွင်းပိုင်းဟာမှောင်နေတတ်သည် ( အဘယ်ရတနာ)၊ ခေတ်နှောင်း ဘုရားကျောင်း အတွင်းပိုင်းများ တွင် မြင်သာထင်သာ လင်းလင်းထင်းထင်း ရှိသည် ( သဗ္ဗေညု) ကြားကာလ ဘုရားတွင်တော့ မလင်းမမှောင်ပုံစံရှိသည် (အာနန္ဒာ) )
(၁၄)။ စေတီအကြီး ပြိုကျ၍ ပေါ်တော်မူ ဟုလူသိများသော ပုဂံ ခေတ် မူလဟန် အပြည့်အဝရှိသော စေတီလေးများ လည်းရှိ သည်။
ဘုရားထီး/ မကိုဋ်သည် မြန်မာတို့၏ မူပိုင်တီထွင်မှု ဖြစ်ပြီး ခရစ်နှစ် ၁၄ ရာစုနှစ်ရောက်မှ ဘုရားစေတီ တို့တွင် အသုံးပြု သည်ဟုမှတ်သားရပါသည်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း များကို အုတ်သက်သက်နှင့် အပြင် ၊ အုတ်နှင့် ကျွန်းသစ်ရော၍ လည်း တည်ဆောက်လေ့ရှိပါသည်။ ပိဋကတ် ပရိယတ္တိကိစ္စကို ဦးစားပေးလေ့ရှိပြီး စာသင်ကျောင်းများကို ကျောင်းဦးစေတီ၊ ပိဋ ကတ်တိုက်၊ ဓမ္မသာလ ခေါ် ရဟန်းတို့တရားဟောပြောရာနေ ရာ၊ ရဟန်းတွေ ဥပုသ်ပဝရနာ ပြုသောသိမ် ကျောင်းထိုင်သီတင်း သုံးရာကျောင်း တိုက်တို့ကို တံတိုင်းတထပ်ဖြင့် ဝန်းရံထားသည်။ အပြင်တံတိုင်းအတွင်း စာသင်ရဟန်းငယ်တို့အတွက် သီးခြား အရန်ကျောင်းဆောင်များကို ဆောက်ပေးထားသည်။ တရား တော်များကျင့်ကြံရန် ပဋိပတ္တိ ကျောင်းများကို နောင်တွင် တည် ဆောက်လာခဲ့သည်။ 

(ဆ)။ ပုဂံ ဘုရားကျောင်းများတွင် တွေ့ရတတ်သော တံဆိပ်လက္ခဏာ ရည်ညွှန်းချက်။ 

ပုဂံဘုရားကျောင်းများတွင် တွေ့ရတတ်သောအလှဆင်ပစ္စည်း များကို ပဒုမ္မာကြာဖြူ၊ ကောကနဒ ကြာနီပွင့် ၊ အရွက်၊ အရိုး၊ အခွေ၊ အလိပ် ပုံစံတို့ဖြင့် ဂူဘုရားနံရံ၊ မျက်နှာကြက်၊ မုခ်အဝင်၊ အထွက်ပေါက်တို့မှာ တွေ့ရပါသည်။ အလှသဘောနှင့် ရည်ညွှန်းရာ ယှဉ်တွဲနေပြီး ကြာပန်းဆိုသည် စင်ကြယ်ခြင်း၊ သန့် ပြန့်ခြင်း၊ မွှေးမြခြင်းအပြင် ကြာ၏ဂုဏ်သတ္တိ ရွှံ့ညွှန်ထဲမှ သန့်စင်ကြီးကြယ်သော အဓိပ္ပါယ်ကိုပါ ယူထားသည်။ ပန်းအခွေ အလိပ် " ဝလုံး " သည် အဆုံးမရှိသဘောကို ရည်ညွှန်းပါသည်။ မာန်နတ်၏သမီးသုံးယောက်သည် လောဘ၊ဒေါသ၊မောဟ၊ စင်္ကြာပုံသည် မြတ်စွာဘုရား တရားဦးဟောပုံ၊ ပလ္လင်၊ ဗောဓိ ၊ခြင်္သေ့၊ မီးတောက်မီးလျှံ၊သည် သဗ္ဗညုတဥာဏ်တော်ရပုံ၊နွားလားမှာ ဖွားမြင်ချိန်၊ ဆင်ဖြူတော်မှာ ပဋိသန္ဓေယူပုံ၊မြင်းပုံမှာ တောထွက်ခန်း၊ သိရီနတ်သမီးသည် ကျက်သရေ ဆောင်ရာ၊ဘီလူးသည် အစောင့်အရှောက်၊ အမိ၊အဖသည် အသိနှင့် လက်တွေ့၊ ဖောင်းရစ်သည် ဖြစ်ခြင်း၊ ပျက်ခြင်း စသည် ဖြင့် လက်လှမ်းမီရာ တံဆိပ်လက္ခဏာ ရည်ညွှန်းချက်ကို တင်ပြ လိုက်ပါသည်။ အိန္ဒိယအရင်းခံ ပုံပြင်၊ လက်ရာ များဖြစ်နေ၍ ခြေဟန်၊လက်ဟန်၊အဝတ်ကအစ အိန္ဒိယ အငွေ့အသက် မကင်းပေ။ လူသဏ္ဍာန်၏ လက်ဟန်၊ ခြေဟန်၊ အမူအရာ နှင့်လည်း သရုပ်ဖော် တတ်ပါသည်။ 

(ဇ)။ ပုဂံခေတ် လောကီဆိုင်ရာ အဆောက်အအုံ။ 

ပုဂံခေတ်တွင် အရှင်သခင် မင်းတရားစံတော်မူရာ အဆောက်အအုံကို အိမ်တော်ဟုခေါ်သည် ။ အိမ်တော်/ နန်းတော်ကြီး ကို ကျွန်းသစ်ဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။အိမ်တော်သည် အရှင်ဘုရင် နေထိုင်ရာ အဆောက်အအုံဖြစ်၍ ကြီးကျယ်ခမ်းနားလှမည် ဟုထင်လျှင်မှားပေမည် ။ ၎င်းတို့ ဆောက်လုပ်လှူဒါန်းထားသော ဘုန်းကြီးကျောင်း များ လောက် ပင်ထည်ဝါမှုမရှိချေ။ အမိုးကိုလည်း ပျဉ် အုတ်ကြွပ်၊ မြေအုတ်ကြွတ်ဖြင့် မိုးပါသည်။ အိမ်တော်ကို တံတိုင်း ၊ ကျုံးဖြင့် ဝန်းရံသည်။တံတိုင်းတစ်ဖက်တွင် အဝင်ပေါက်နှင့် တံခါး သုံးခုစီ ထားလေ့ရှိသည်။ မြို့တော်၏ အဝန်းအဝိုင်းမှာ တစ်မိုင်စတုရန်းနီးပါးရှိသည်။ အိမ်တော်ကား ထိုအဝန်း အဝိုင်း ၏ အလယ်ဗဟိုတွင် ရှိသည်။ ထိလိုင်မင်း၏ နန်းတည်ကျောက် စာအရ နန်းတော်ကို ပစ္ဆရံငါးဆင့်၊ ဘုံငါးဆင့်နှင့် အလယ် ပြသာဒ် ကြီးတစ်ဆောင်၊ ဘုံသုံးဆင့်နှင့် လေးမျက်နှာ ပြသာဒ်ငယ် လေးဆောင် စသည်ဖြင့် တည်ဆောက် ထားသည်။ပြသာဒ်ငယ်လေးတွေနဲ့ ရေချိုးဆောင် ၊ပလ္လင်ဆောင်၊ဇေတဝန်ဆောင် ၊ အမိုး၏အလယ် ပေါ်တဆင့်ပါသော ဝင်းတံခါး လေးပေါက်တို့ ပါရှိပါသည် ။တံခါးနှင့် ပြတင်းတွေမှာ စုလစ် မွန်းချွန်များတန်ဆာ ဆင်ယင်ထားပါသည်။ ပင်မအဆောင်ကို တောင်မြောက် အကန့် နှင့်တကွ၊ ရာဇပလ္လင်ထားရှိရာ အရှေ့ခန်းနှင့် စုရုံးရာ အနောက် ခန်းတို့လည်း ပါဝင်ပေသည်။ ဤပြသာဒ် ကြီးကို အခြွေအရံ အ သင်းအပင်း တို့ နေစရာ အဆောင် ဆောင်နှင့် တွဲလျက် တည် ဆောက်ထား ပါသည်။ နံရံဆေးရေး ပုံအရဆိုလျှင် ပြသာဒ် ဆောင်မသည် ဘုံအဆင့်ဆင့်ဖြစ်၍ တဆင့်ထက် တဆင့် ငယ် သွားရာ ပြသာဒ်ထိပ်ဖျားသည် ချွန်သော သဏ္ဍာန်ဖြစ်နေပေ သည်။အရှေ့တောင်အာရှတွင် အတွေ့များသော ပုံသဏ္ဍာန် ဖြစ်ပြီး ခမ်းနားထည်ဝါမှုရှိလှပေသည်။ ဆောက်လုပ်ရေးတွင် ထိပ်တန်း အလေးထားကြသည်မှာ နတ်ကန်တော့ခြင်း၊ နေ့ကောင်း ရက်သာရွေးခြင်း နှင့် လောကအစီအရင် တို့ဖြစ်သည်။ ပုဂံခေတ်အတွင်း နန်း အသစ်တည်ဆောက်ခဲ့သော ဘုရင်မှာ ထိလိုင်မင်းနှင့် ဤတဝ် သျင် မင်းနှစ်ပါးဖြစ်သည်။ ပုဂံခေတ်ဆိုင်ရာ လူနေအဆောက်အ ဦးတို့မှာ သစ်၊ဝါး၊သက်ငယ် တို့နှင့်သာ တည်ဆောက်ထားပါ သည်။

(စ်)။ ပုဂံခေတ် ဘာသာစကားနှင့် စာအရေးအသား ။

အနိရုဒ္ဓလက်ထက်က နိုင်ငံသုံး၊ မင်းသုံး ဘာသာစကားမှာ သက္က တ၊ ပါဠိ နှင့် မွန် ဖြစ်ပါသည်။ ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပါဠိ ကိုအသုံးများသည်။မွန် ဘာသာဖြင့်လည်း အနည်းအ ပါးရေးသည် ။ ထိလိုင်မင်း( ကျန်စစ်သား) လက်ထက်တွင်တော့ မွန်ဘာသာကို ထူးထူးခြားခြား အသုံးများ သည်။ ထိလိုင်မင်း၏ သားတော် ရာဇကုမာရ်ကတော့ မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ လေးမျိုး သုံးခဲ့သည်။ ထိလိုင်မင်း၏ မြေးတော် ပထမစည်သူ( အလောင်း စည်သူ) လက်ထက်တွင် ပါဠိ ဘာသာကို ကောင်းမွန်ခံ့ညား အောင် စီကုံးရေးစေ၍ သက္ကတဖြင့် နိဂုံးရေးသည်။ မွန်ဘာသာ ကိုလည်း လက်မလွှတ်သေး၊ မြန်မာစာနှင့် ကျောက်စာများ လည်းတွေ့နိုင်သည်။ ဒုတိယစည်သူ လက်ထက်တွင်တော့ မြန်မာဘာသာကို အဓိက အလေးပေးခဲ့သည်။ ပျူဘာသာ ကွယ်ပျောက်သွားပြီး၊ မွန်ဘာသာကတော့ ပျောက်လုနီးပါး ဖြစ်နေပေပြီ။သက္ကတဘာသာကိုမူ သိသူရှားပါးလျက်ရှိပြီး၊ ပါဠိ ဘာသာသည်ကား ရဟန်းတို့သာ အသုံးပြုကြတော့သည်။ 
စာအရေးအသား ကိုလေ့လာရလျှင်လည်း ပျူ၊ မွန်၊ မြန်မာ စာတို့ သည် ဗြဟ္မီ အက္ခရာ ပုံစံကို ယူပြီးရေးသားခြင်းဖြစ်၍ ဗြဟ္မီစာ ရေး သလို ဘယ်ဘက်မှ ညာဘက်သို့ရေးသား သည်ကိုတွေ့နိုင်ပါ သည်။ပျူစာရေးနည်းကို ပုဂံခေတ်အထိ မတိမ်ကောပဲ ဆက် လက်သုံးစွဲလျက်ရှိသည်။ သို့သော် မြန်မာစာရေးနည်းကိုမူ တောင်ပိုင်းအိန္ဒိယ ကာည္စိပူရရေး နည်းကို မဲနမ်မြစ်ဝမ်း၊ ဒွါရဝတီ ဖက်မှသွင်းလာသော မွန်စာရေးနည်း ကိုဆက်ခံပါသည်။ စာလုံး ပေါင်းရာမှာ အက္ခရာကိုသုံးပြီး အသံထွက်အတိုင်း ရေးရခြင်း ဖြစ်၍ အိန္ဒိယ အက္ခရာနှင့် လိုချင်တဲ့ ပုံစံရအောင် ရေးယူရာမှာ လို အပ်၍ တည်ထွင်ရခြင်း မျိုးလည်း ရှိပေသည်။ ရိုးရာဓလေ့ကို ရှေး အခါက သားစဉ် မြေးဆက် နှုတ်တက်အာဂုံဆောင် ထိမ်းသိမ်း လာပြီး ခရစ်နှစ် ၁၃ ရာစုရောက်မှ စာနှင့် ချရေးခဲ့ပေသည်။ကနဦးတွင် မွန်ယဉ်ကျေးမှု လွှမ်းမိုးမှု ကို သိသာထင်ရှားစွာ တွေ့ နိုင်ပြီး နောက်ပိုင်းတွင် သီရီလကာင်္ နန်းတွင်း၏ သြဇာအာဏာ အတော်ပင် သက်ရောက်ခဲ့  သည်ကို လေ့လာတွေ့ ရှိရ ပေသည်။

(ည)။ ပုဂံခေတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု။

တိုင်းပြည်၏ ပဓာနစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆည်ရေ သောက်လယ်များသည် အဓိက ပင်မစီးပွားရေးလုပ်ငန်းဖြစ်၍ အထွက်ပိုလျှံလာသောအခါ စားသုံးရမကုန်နိုင်ပဲ စီးပွားရေး အမြင်ဖြင့် ရောင်းချရန်ဟူသော သဘောများဝင်လာနိုင်သည်။ ရေလုပ်ငန်း၊ဆားလုပ်ငန်း၊ ကျောက်သံ ပတ္တမြားတူးဖော်ရေး လုပ်ငန်း၊ငွေ၊ခဲ၊ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းများလည်း လုပ် ကိုင်ဟန်ရှိပေသည်။ အနိရုဒ္ဓါလက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေးပြေပြစ်ခဲ့ပေသည်။ ထိုမင်းလက်ထက်တွင် မြန်မာတို့သည် တောင်ဘက်မလေး၊ အနောက်ဘက်အိန္ဒိယ ၊ အိန္ဒိယမှတဆင့် အာရေဗျ ၊ မြောက်ဘက် တရုတ်၊ အရှေ့ဘက် ဖုနန်(ကမ္ဘောဇ) အထိ ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ်ပြု လျက် ရှိနေပေပြီဖြစ်သည် ။မြစ်ဝကျွန်းပေါ်ဒေသကို အလိုပြည့် ရာမှ သီဟိုဠ်နှင့်လည်း ဆက်ဆံရန် အခွင့်အရေး ရခဲ့ပေသည်။ အိန္ဒိယ မှ ဆေးဘက်ဝင် ပစ္စည်းများကို တင်သွင်းလျက်ရှိနေပေပြီ ဖြစ်သည် ။ ထိလိုင်မင်း လက်ထက်တွင် လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ဦးစားပေး ခဲ့၍ မွန်သွေးပါ သော မြေးတော်ကို နန်းမွေပေးခဲ့ပေသည်။ခရစ်နှစ် (၁၀၀၄) နှင့် (၁၀၀၆)တွင် တရုတ်တို့နှင့် သံအဆက်ဆံပြု ခဲ့ပါသည်။ပုဂံခေတ် အကပညာ သည်ပျူတို့ ထက်သာ လွန်သည် ။လူကိုယ်တိုင်ကပြဖျော်ဖြေသ လိုအရုပ်ကို ကြိုးဆွဲ၍လည်း ဖျော်ဖြေတတ်ကြသည်။မင်းခမ်း မင်းနားများတွင် ပျူဆိုင်းဝိုင်း၊ မွန်ဆိုင်းဝိုင်း၊ မြန်မာဆိုင်းဝိုင်း များနှင် အသုံးတော်ခံလေ့ရှိပေသည်။

ပုဂံခေတ် ဝတ်စားဆင်ယင်ပုံ။ 

အိန္ဒိယယဉ်ကျေးမှုကို ပင် လက်ခံ၍ အိန္ဒိယ အဝတ်တချို့ကို အခြေခံလျက် မြန်မာဓလေ့နှင့် ကိုက်ညီအောင် တီထွင်အသုံးပြု လာပါသည်။ ပုဆိုး၊ လုံချည် စသည်ဖြင့် တောင်ပိုင်း အိန္ဒိယ ဓလေ့ကို အတုယူခဲ့ ကြပါသည် ။ စလွယ်နှင့် ခြေနင်းတို့သည်မှာ လည်း ဤနည်းလည်းကောင်းပင်ဖြစ်သည်။ ပွဲလမ်းတက်ရောက်သောအခါ ဝတ်ဆင်ပုံ မှာတော့ တရုတ်ပုံစံ နှင့် ဆင်တူပေသည် ။ ပုဂံခေတ် အမျိုးသား တို့မှာကိုယ်အထက် ပိုင်း တွင် အဝတ်ရှည်တစ်ခုကို ကိုယ်လုံးတွင် ဘယ်ညာပတ်၍ ဘယ်ပုခုံးပေါ်တွင် ရှေ့စ နောက် စနှစ်ခုလုံးတင်ထား၍ အောက် ပိုင်းတွင် ပုဆိုးကိုခါးတောင်းကျိုက် ထားပါသည်။ အမျိုးသမီး တို့မှာ ရင်စည်းနှင့် ခါးစည်း နှစ်မျိုးသာ ဝတ်ဆင်ထားပေသည်။ အမျိုးသမီး ကိုယ်ဝတ်မှာ တို၍ ဗိုက်သား ပေါ်နေသည်။ အောက်ပိုင်း တွင် အဝတ်စတစ်ခုကို အိန္ဒိယ အမျိုးသမီး တို့ဝတ် သော ဒိုတီကဲ့သို့ဝတ်ဆင်ပေသည်။ ပွဲလမ်း များတွင် ပုဝါကိုရင်သိုင်း ၍ အစကို နောက်တွင်ချထား သောပုံစံ မျိုးဝတ် ဆင်ကြပေသည်။ မင်းတို့သည် သရဖူဆောင်း ၍ နားတွင် နားကင်း၊ နားတောင်း ပန်ထားသည်။ ဆံပင်ရှည်ကို အမျိုးသမီး ကဲ့ သို့ပင်ထုံးဖွဲ့ထားသကိုယ့်၌ရုံသော အဝတ်မှာ စောင်ကြီး တစ်ထည် ဖြစ်ပေမည်။ ပုဂံခေတ် မိဖုရားကဲ့သို့ ၊ အထက်တန်း အမျိုးသမီး တို့သည် ဇာနားပါသော လက်တို ခါးတို ကိုယ်ကျပ် အင်္ကျီဝတ်လျက် ထိုအင်္ကျီမှာ အောက်ဖက်ပိုင်းတွင် အလွန်တို ၏။ အောက်ပိုင်းအဝတ်မှာ ထမီနှင့်မတူပဲ ၊ဒိုတီကဲ့သို့ အဝတ်နှင့် ဆင်တူသည်။ ထိုအထက်တန်း အမျိုးသမီးမှာ ဆံပင်ကို နောက်တွဲချ၍ လှပသော ရတနာကျောက်မျက်ချယ် ရွှေနဖူးစည်း ဆင်ယင်ထားသည်။ ပန်းပွင့်ကြီးနှင့်တူသော နား တောင်းကိုပန် သည်။ လည်ဆွဲတန်ဆာ ကိုဝတ်ဆင်သည်။ လက် ကောက်များ စွာကိုလည်း ဆင်ယင်ထားသည်။ထူးခြားချက်မှာ အမျိုးသား၊ အမျိုးသမီး အားလုံးပင် လက်ဝတ်ရတနာများ ဆင်ယင်လျက် နံရံဆေးရေး ပန်းချီကားများတွင် တွေ့ရသည်။ သနပ်ခါးသွေး၍ လိမ်းသော အလေ့မှာ ပုဂံခေတ်ကပင် ရှိ သည် ကိုတွေ့ရပေ သည် ။

ပုဂံ နှင့်ဗဟုသုတအစုံစုံ။ 

ပုဂံ ခေတ်မှာ ခရစ် ၉ရာစုမှ ခရစ် ၁၃ ရာစုအထိ နှစ်ပေါင်း ၄၀၀ ကျော်ရှိပါသည်။ပုဂံခေတ်ဦးကို စာအထောက်အထား ရှိချိန်မှစ ပြီး ခရစ် ၁၁ ရာစုအထိ၊ ခေတ်လယ်ကို ခရစ် ၁၂ ရာစုနှစ်အထိ၊ ခေတ်နှောင်းကို ခရစ် ၁၃ ရာစုထိဟု အကြမ်းဖျဉ်း သတ်မှတ်နိုင် ပါသည်။ နိုင်ငံဟူသော ဝေါဟာရမှာ ပုဂံခေတ်တွင် စတင်လာ ခဲ့ပြီး တိုက်ခိုက်၍အောင်နိုင်သောမှ"နိုင်" ထိုအောင် နိုင်သော ဒေသ တို့မှ သမီးကညာဆက်၍ ရည်ငံ ရာမှ "ငံ"နှစ်ခုပေါင်း၍ နိုင်ငံဟူသော ဝါဟာရကို အသုံးပြုလာခဲ့သည်။ပုဂံ မင်းတို့သည် သက်ဦး ဆံပိုင်ဖြစ်၍ မင်းအလိုမှန်သမျှ ဥပဒေ ဖြစ်ပေသည် ။ မင်းတို့၏ အထူးကျင့် ဝတ်သည်ကား ဘုရားအလောင်းတော်ကဲ့ သို့ ကြင်နာခြင်း၊ သီလသမာဓိ ရှိခြင်း၊ ခွင့်လွှတ်ခြင်း အမှုတို့ အပြင် တရားစောင့် သော ပြည့်ရှင် မင်းတရား ဖြစ်ရပေမည် ။ ရဟန်း သံဃာတော်တို့နှင့် ဆက်ဆံရာတွင်မူ ဆန့်ကျင်ဖက် မဖြစ်ရန် သတိထားကြပါသည်။ သာသနာ သို့  မြေယာ အလှူပြုခြင်း များ ပြုလေ့ရှိပြီး ထိုမြေယာတို့ သည် မင်းထံသို့  အခွန်အခ ပေးဆောင် ရခြင်းမှ ကင်းလွတ် ခွင့်ရှိပေသည်။ ထိုသို့  အလှူပြုရာ စားပွဲသောက်ပွဲ ကြီးများ ကျင်းပလျက် ရှင်ဘုရင်ကိုယ်တိုင် ရေစက်ချရန် လာရောက် ချီးမြှင့်လေ့ရှိပေ သည်။ ထူးခြားချက်မှာ ပုဂံခေတ်နေ လူအ များမှာ ကွမ်းစားခြင်း၊ သေ(စိမ်ရည်) မှီဝဲ ခြင်းအလေ့ရှိကြ ခြင်း ပင်ဖြစ်သည်။ထို့ပြင် ရောင်းရေးဝယ်ရေး အောင်မြင်ချိန်နှင့် အမှုအခင်းတို့ ကျေအေးရာတွင် သေသားစား ခြင်း အလေ့လည်း မှတ်သားမိပါသည် ။ 

အထက်က အနိရုဒ္ဓ၊ထိလိုင် မင်း၊ ပထမ စည်သူ တို့၏ လုပ်ရည်ကိုင်ရည်အပြည့် နှင့် ပေါ်ထွန်းလာသော ပုဂံ ပြည်ကြီးတွင် အပယ်ရတနာ၊ ရာဇကု မာရ်၊ အစေါဝ်လတ် တို့အပြင် ရဟန်း သံဃာတွေ၊ ကျောင်းဒါယိ ကာ၊ ဒါယိကာမ တွေ ၏စွမ်းအားဖြင့် တည်ထောင်သွားသော ပုဂံ ပြည်ကြီးသည် နောက်ပိုင်းခေတ် လက်ရာများထက် သာလွန် လျက်ရှိနေသည် ကိုတော့ ငြင်းမရပေ။

သျှင်လေညင်း ။ (၉၊၅၂၀၁၃) ။

စာကိုး။ ။ ဒေါက်တာ သန်းထွန်း

(၁)။ ပုဂံခေတ် နိုင်ငံရေးသမိုင်း (ဇူလိုင် ၊ ၂၀၀၅)
(၂)။ တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲ (၂၀၀၆)
(၃)။ မြန်မာ့ သမိုင်းအတိုအထွာ (ဇူလိုင် ၊ ၂၀၁၁)
(၄)။ သမိုင်းထဲက ဒီဇိုင်း (ဒီဇင်ဘာ ၊ ၂၀၀၅)
လူတွေရဲ့  အကျိုးကို ရှေးရှုပြီးရေးတဲ့  မြန်မာသမိုင်း (၂၀၀၃)

သမိုင်း သက်သေတည်ပါစေ။


myawady news facebook မှ သိသမျှ ။ 

မွန်တို့သမိုင်း အပိုင်း ၁ (ခ) (မွန်လူမျိုး ဘယ်က စလာတာလဲ)

သုဘိန္နနာဂရမြို့ပျက်ပြီးနောက် သထုံမြို့သို့ပြောင်းရွှေ့၍ ဥမိုမင်းဆက်(၅)ဆက်အုပ်ချုပ် လေသည်။ ထို့ နောက်သထုံမြို့တွင်ပင် သီဟသုဓမ္မရာဇာ- တိဿဓမ္မရာဇာ မည်သောမင်းမှစ ၍ မနူဟာမင်း အထိမင်းပေါင်း(၅၇)ဆက်အုပ်ချုပ်ပြီး သာသနာသက္ကရာဇ်၁၆၀၀ ခရစ်သက္ကရာဇ် (အေဒီ-၁၀၅၇)လောက်တွင် သထုံမြို့ကြီးနှင့်တကွ မွန်ရှင်ဘုရင်များ ကွယ်ပျောက်သွားလေသည်။ ထို့ကြောင့် မွန်တို့သည် သထုံဒေသတွင်ဘုရားမပွင့်မီနှစ်ပေါင်းငါးရာလောက်မှစ၍ မြို့ပြပြည် နယ်ထူထောင်ပြီး မင်းလုပ်အုပ်ချုပ်ခဲ့သောသူများဖြစ်ကြောင်းသိရလေသည်။မနူဟာမင်းဆက်ကို စတင်ထူထောင်သော သီဟသုဓမ္မရာဇာ - တိဿဓမ္မရာဇာလက်ထက်တွင် မြတ်စွာဘုရားရှစ် ဝါရသောအချိန်၌ သထုံဒေသသို့ ရဟန္တာများခြံရံလျှက် ဒေသစာရီကြွချီလာပြီး တရားဟောခြင်း၊ ဓာတ်တော်များကို ချီးမြင့်ခြင်းစသည့်များကိုပြုလုပ်ခဲ့သည်ဟုမွန်မှတ်တမ်းများအရသိရလေသည်။ ထို့ကြောင့် မွန်တို့သည် ဘုရားလက်ထက်တော်မှစ၍ မနူဟာမင်းအထိနှစ် ပေါင်းတစ်ထောင့် ခြောက်ရာ ကျော်သထုံဒေသတွင် မင်းလုပ်အုပ်ချုပ်သူများ ဖြစ်သည်ဟုဆိုရပေမည်။ ၁။သီဟသုဓမ္မရာဇာ-ဗန္ဓဒေဝီ၊ ၂။ သီရိဓမ္မသောကရာဇာ-သန္တီမိတြာဒေဝီ၊ ၃။ဓမ္မဿီရာဇာ သီရိဒေဝီ၊ ၄။ ဓမ္မဒဇ္ဖရာဇာ-သုဝဏ္ဏဒေဝီ ၅။ အင်ကုရရာဇာ -နန္ဒဒေဝီ ၆။ ဗလဒေဝရာဇာ ရမ္မဒေဝီ၊ ၇။ သီရိရာဇာ -ဘန္ဒြဒေဝီ၊ ၈။ ဇောတရာဇ-အဂ္ဂဝိမလာဒေဝီ၊ ၉။ သီရိဓမ္မသောကရာဇာ- သုဓမ္မါဒေဝီ၊ ၁၀။ ဥဒယရာဇာ-သုရုစီဒေဝီ၊ ၁၁။ ကာလဝဏ္ဏရာဇာ -သုဓမ္မဒေဝီ ၁၂။ အာဇိန္နကရာဇာ -သုကာဒေဝီ ၁၃။ မဟာသာလရာဇာ -သီလဒေဝီ ၊ ၁၄။ ဥရုဏ္ဏရာဇာ- ပြဘာဒေဝီ ၊ ၁၅။ နရသုရရာဇာ-သိဟဒေဝီ၊၁၆။ မဟာဘန္ဒြရာဇာ-သုဘဒ္ဒဒေဝီ ၊၁၇။ အနုဝရရာဇာ- အနုလာဒေဝီ၊ ၁၈။ သိရိဂုတ္တရာဇာ-ဂဇ္ဇဒေဝီ၊ ၁၉။ ဥရုဏ္ဏကရာဇာ-ဗန္ဓုကတီဒေဝီ၊ ၂၀။ ယုဂန္ဓရာဇာ- သိင်္ဂလဒေဝီ၊ ၂၁။ သုနန္ဒရာဇာ-သုနန္ဒဒေဝီ ၊ ၂၂။ ဗြဟ္မဒတ္တရာဇာ - အစလဒေဝီ၊ ၂၃။ ပုညရာဇာ -ဘောဂဒေဝီ၊၂၄။ အဝိကရာဇာ- စိတ္တဒေဝီ ၊၂၅။ပုရောဝဓိတရာဇာ-သုသံဒ္ဒယဒေဝီ၊၂၆။သာဓုရာဇာ -ရတ္တဒေဝီ၊ ၂၇။ ဓမ္မပါလ-ဒက္ခဒေဝီ၊ ၂၈။ သုဒဿနရာဇာ-သုဒ္ဓဒေဝီ ၂၉။ ယောဂဒိယရာဇာ ပဒုမ္မဒေဝီ၊၃၀။အသက္ကရာဇာ-သုမနဒေဝီ၊၃၁။ပဒုမ္မရာဇာ-ဂန္ဓဒေဝီ၊၃၂။ ဗန္ဓု ရာဇာ - ရမ္မကဒေဝီ၊ ၃၃။ သီလရာဇာ - သမ္မဒေဝီ၊ ၃၄။ မဟိသရာဇာ- သုဝဏ္ဏမာလာဒေဝီ၊ ၃၅။ဗလိကရာဇာ -သမ္မာဝါစာဒေဝီ၊ ၃၆။ ဇဗ္မုဥတ္တရရာဇာ-စိတ္တဒေဝီ၊ ၃၇။ ဒေဝရာဇာ - သုဓမ္မဒေဝီ၊ ၃၈။ကေသရရာဇာ - ဓမ္မပါလဒေဝီ၊၃၉။မုဏိရာဇာ-ဒေဝဓိတဒေဝီ၊၄၀။သက္ကရာဇာ-ပြဘာဝတီဒေဝီ၊ ၄၁။ကုသရာဇာ - ဂန္ဓဒေဝီ၊၄၂။နရဓိတရာဇာ- ကေသာနီဒေဝီ၊ ၄၃။ဝေလုရာဇာ- သိဟဒေဝီ၊ ၄၄။စိတ္တရာဇာ- ဥမဒ္ဒယန္တီဒေဝီ ၊ ၄၅ ။ ဗန္ဓရာဇာ - ဗန္ဓုဝတီဒေဝီ၊ ၄၆။ ဒီဃရာဇာသုဝဏ္ဏဒေဝီ၊ ၄၇။ သိဝိရာဇာ- သုဒ္ဓဒေဝီ၊၄၈။ဥရကရာဇာ- ကာမေဇာပညာဒေဝီ၊၄၉။ညေတ္တိရာဇာ- ညာတိက ဒေဝီ၊ ၅၀။သိရိဓမ္မာသောရာဇာ-ရာမ္မသာရဒေဝီ၊၅၁။မဟာစိတ္တဝရာဇာ-သုစိတ္တဒေဝီ၊၅၂။ ဗန္ဓရရာဇာ ဗန္ဓုဒေဝီ၊၅၃။ဇယသုမနရာဇာ-သုမကာဒေဝီ၊ ၅၄။ ဗန္ဓရာဇာ-ဓနုဒေဝီ၊၅၅။အဇီန္နရာဇာ-သုမနဒေဝီ၊ ၅၆။ဥဒိန္နရာဇာ-ရတနမာလာဒေဝီ၊၅၇။မနူဟာရာဇာ-နင်္ဂလာဒေဝီ။ ထိုသို့မင်းဆက်(၅၇)ဆက်နှစ်ပေါင်းတစ်ထောင်ခြောက်ရာကျော်မွန်တို့ သထုံဒေသတွင်မင်း လုပ်အုပ်ချုပ်စဉ်ထင်ရှားသောအဖြစ်အပျက်…. (၁) နဝမမြောက်မင်းဆက်ဖြစ်သော သီရိဓမ္မသောကရာဇာမင်းကြီးလက်ထက်၊သာသနာသက္ကရာဇ် ၂၃၆ခုနှစ်တွင် မဇျ္စိမဒေသမှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သောဏထေရ်နှင့်ဥတ္တရ ထေရ်တို့ သထုံသို့ရောက်လာခြင်းနှင့် (၂) မင်းဆက်(၂၇)ဆက်မြောက်ဖြစ်သော ဓမ္မပါလာနှင့် ဒက္ခဒေဝီတို့ သထုံတွင်မင်းလုပ်စဉ် သာသနာသက္ကရာဇ် ၉၀၀ကျော်လောက်တွင် ရှင်မဟာ ဗုဒ္ဓ္ခဃာသသည် သီ ဟိုဋ်ကျွန်း သို့ ထွက်ခွာ၍ ပိဋကတ်တော်များကို သွားရောက်ကူးယူသောအချိန်အခါပင်ဖြစ်လေ သည်။ သာသနာ သက္ကရာဇ် ၉၀၀ ကျော်သည် ခရစ်သက္ကရာဇ်လေးရာစု(အေဒီ-၃၅၆) ဖြစ်လေ သည်။ သထုံဒေသတွင်မွန်တို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် ရန်ကုန်ဘက်တွင်လည်းဥက္ကလာပ မင်း က တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်နေသည်ကိုလည်းတွေ့ရလေသည်။ ဥက္ကလာမင်းသည် ဘုရားမပွင့်မီ အချိန်လောက်ကတည်းက မင်းလုပ်နေဟန်ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ပါး မြတ်စွားဘုရားထံမှ ဆံတော်များကို ရန်ကုန်သို့ ယူဆောင် လာရာတွင် ဥက္ကလာပမင်းသည် ရန်ကုန်တွင်မင်း လုပ်အုပ်ချုပ်လျက်ရှိကြောင်း မွန်သမိုင်း မှတ် တမ်းအရ သိရလေသည်။ ဥက္ကလာပမင်းသည် ရွှေတိဂုံစေတီကို စတင်တည်ဆောက်သောဘုရင် ဖြစ်ပြီး မင်းဆက် (၃၂)ဆက်တို့က ရွှေတိဂုံဘုရားအား ပြုပြင်ပူဇော်ကြသည် ဟုသိရသည်။ ရန်ကုန်ဘက်တွင် ဥက္ကလာပမင်းက တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်သကဲ့သို့ ယခုကျောက်တန်းမြို့နယ်၊ပါဒကြီးကျေးရွာတည်ရှိရာအရပ် တွင်လည်း ပါဒနိုင်ငံတစ်နိုင်ငံကို တည် ထောင်သည် ဟူ၍ သိရပေသည်။ သထုံဒေသတွင် မနူဟာမင်းဆက် ၅၇-ဆက်ကို ပထမ တည် ထောင်သော သီဟသုဓမ္မရာဇာ(တိဿဓမ္မသီဟရာဇာ) လက်ထက်တွင် သားတော်ကြီး တိဿ သောဂန မင်းသားအားနောက် ပါ အခြွေအရံများနှင့် အတူသထုံပြည်၏အနောက်မြောက်အရပ်တွင် တိုင်းသစ်ပြည်သစ်တည် ထောင်ရန်စေလွှတ်ခဲ့ရာ ယခုပါဒကြီး ကျေးရွာရှိရာ အရပ်သို့ရောက်သည့် အခါ ဤအရပ်ဒေသသည်ကုန်းမြေပြန့် လည်းဖြစ်၊ပင်လယ်ကမ်းခြေနှင့်လည်းနီစပ်သဖြင့်နန်းတည် ရန်သင့်၏ဟု ကြံရွယ်ပြီး မဟာသက္ကရာဇ် (၉၈) ခုနှစ်တွင် မြို့နန်းသစ် တည်ထောင်လျက် ပါဒ နိုင်ငံတော်ဟု သတ်မှတ်ခေါ် တွင်လျက် ပါဒမင်းဆက်ကို စတင်ခဲ့လေသည်။ ပါဒနေပြည်တော်တွင် စိုးစံခဲ့ကြသော မင်းများမှာ(၁) တိဿဘောဂသေနမင်း(မြို့နန်းတည် မင်း)၊(၂) တိဿနရသေနမင်း၊(၃)မြစောနောင်မင်း၊(၄) ဟံသာသေနမင်း၊(၅)ရာဇစောနောင်မင်း၊ (၆)နန်းစောရှင်မင်း၊(၇) ဇဟသေနမင်း၊ (၈) နာဂသီဟမင်း၊(၉)ရာဗေဒကမင်း၊(၁၀)နရကျော်မင်း၊ (၁၁)တွတ္ထနာဂမင်း၊(၁၂)အနုပီယမင်း၊(၁၃) ဒေါဓဟံမင်း၊(၁၄)ကန္နဝဇ္ဖမင်း၊ (၁၅)စောရဟန်မင်း၊ (၁၆)ဇေဏျဒကမင်း၊(၁၇)ဇေယျကျော်ထင်မင်း၊(၁၈)အောင်ဇေယျမင်း၊ ၊(၁၉) မင်းစောနှောင်မင်း၊ (၂၀)ကော့ဒွတ်မင်း၊(၂၁)ရာဇသေဝမင်း၊(၂၂)ရာဇကောဓမင်း၊(၂၃)နေသူရမင်း၊(၂၄)ကန္ဒမင်း၊(၂၅) နရာသဟမင်း၊(၂၆)စေပုလ္လမင်း၊(၂၇)ဝသူဇလမင်း၊(၂၈)စောဖျားကျော်မင်း၊(၂၉)တနုကမင်း၊(၃၀) စောဘုန်းကြွယ်မင်း၊(၃၁)စောစောနောင်မင်း၊(၃၂) စောဂလာမင်း၊(၃၃)မွန်မင်း၊(၃၄)နရန္ဒမင်းတို့ ဖြစ်ကြပါသည်။ ထိုမင်းဆက်(၃၄)ဆက်တွင် ထင်ရှားသောအဖြဟ်အပျက်များမှာမင်းဆက်ခုနှစ်ဆက်မြောက် ဖြစ်သောဇယနမင်းလက်ထက်၊ သာသနာသက္ကရာဇ် (၈၄)ခုနှစ်တွင် အိန္ဒိယ မဟာဗောဓိမှ ရဟန္တာ အရှင်မြတ်များ ပင့်ဆောင်လာသော ဆံတော် ၊ သွားတော်နှင့်ဓမ္မကဂိုဏ်း ရေစစ်တော်တို့ကို မှော်ဝန် မြစ်၏အလည်ပေါ်ထွန်းနေသော ဂဝံကျောက်ကျွန်းပေါ်တွင် စေတီတည်ပြီူ ဌာပနာထားက “ ကျိုက် မျှော်ကလော့ ” စေတီဟုဘွဲ့အမည် သတ်မှတ်ခဲ့သည်။ မွန်အမည်မှန်မှာ “ ကျိုက်တံၜကလောံ” (ကျာ်- ဘုရားစေတီ၊ တံၜ-ကျောက် ၊ ကလောံ-အတုံး ၊ ကျောက်တုံးပေါ်တွင် တည်ထားသောစေတီ)ဟု အဓိပ္ပါယ်ရသည်။ ၎င်းနောက် သာသနာသက္ကရာဇ် ၂၃၈ မင်းဆက်(၁၁)ဆက်မြောက် တွတ္ထနာဂမင်း သီဟိုဋ် ကျွန်းသို့ တိုင်းခန်းလှည့်လည်စဉ် မဇ္ဈိမဒေသမှသာသနာပြုရဟန္တာအရှင်မြတ်များကြွလာတော်မူ သည်နှင့်ကြုံပြီး ရဟန္တာ အရှင်သူမြတ်များထံမှ ရရှိသည့် ဆံတော်ဓာတ်တစ်ဆူနှင့် ဓာတ်တော် ကိုး ဆူ ကို မူလကျိုက်မျှော်ကလော့(ကျိုက်တၜံကလော့ )စေတီတွင်ထပ်မံဌာပနာလျက် ကျိုက်မှော် ဝန်းဟူသော ဘွဲ့အမည်တော် သတ်မှတ်လေသည်။ မွန်အမည်မှာ ( ကျာ်- စေတီဘုရား ၊တၜံ- ကျောက်၊ ဝါန် -ဂဝံ)“ ဂဝံကျောက်ပေါ်တွင်တည်ထားသော ဘုရား” ဟု အဓပ္ပါယ်ရသည်။ ပါဒနိုင်းငံတော်သည် ပထမမြောက်ဘုရင် တိဿဘောဂသေနမင်းမှ (၁၁)ဆက်မြောက် တွ တ္ထနာဂမင်းကြီး တိုင်အောင် သာသနာတိုးတက်ကြီးပွာရန်ဆောင်ရွက်ခဲ့ကြပြီး ကျန်မင်းဆက်အများ စုမှာ အချင်းချင်းတိုက်ခိုက်နန်းလုနေကြသဖြင့် ပါဒနေပြည်တော်သည် နန်းသက်နှစ် နှစ်ရာခန့် အတွင်း မင်းဆက်ပျက်သုန်းခြင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ သထုံ၊ ရန်ကုန် နောက်သာသနာသက္ကရာဇ် ၁၁၁၆၊ တပို့တွဲလပြည့်ကျော် တစ်ရက်နေ့ တွင် သံသာဝတီမြို့ကို တည်ထောင်သော သမလ၊ ဝိမလညီနောင်နှစ်ပါးသည် သထုံမှထွက်ခွာသွား ပြီး ပဲခူး၊ ဟံသာဝတီကိုတည်ထောင်သောသူများ ဖြစ်လေသည်။ ပဲခူး ၊ဟံသာတီတွင်သမလမှစ၍ မင်းဆက်(၁၇)ဆက်အုပ်ချုပ်ပြီးနောက် ပဲခူးမြို့လည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားပြန်သည်။ ၁။ သမလမင်း ၂။ ဝိမလမင်း၊ ၃။ အသားမင်း၊ ၄။ အရိန္ဒမမင်း၊ ၅။ မဟိသမင်း၊ ၆။ နာ ဂိန္ဒမင်း၊၇။ မိဂ္ဂဒီပ(အကြီး)မင်း၊ ၈။ ဂဇ္ဇဒီပိယမင်း၊ ၉။ ကရိဝိကမင်း ၊ ၁၀။ ပဉ္စာလမင်း၊ ၁၁။အတ္တသာ ရမင်း၊ ၁၂။ အနုရာမမင်း၊ ၁၄။ မိဂ္ဂါဒီပ(အငယ်)မင်း၊ ၁၄။ အဂ္ဂသောမန္တမင်း၊ ၁၅။ ဥပလရာဇမင်း၊ ၁၆။ ပုန္နရိကမင်း ၁၇။ တိဿမင်း -သုဘဒ္ဒါဒေဝီ။ သမလ၊ဝိမလမင်းဆက်(၁၇)ဆက်တွင် ထင်ရှားသောအဖြစ် အပျက်များမှာ………… (၁) သမလ၊ဝိမလမင်းတို့က ရွှေမော်ဓောဘုရားကို စတင်တည်ဆောက်ခြင်း၊ (၂) အသားမင်းသာက အိန္ဒိယမှလာသော ကုလား လူစွမ်းကောင်း လမ်းဗာနှင့် ထိုးသတ် ရာတွင် အောင်ပွဲရရှိခြင်း၊ (၃) မင်းဆက် (၁၃) ဆက်မြောက် မဂ္ဂါဒီပ (အငယ်)မင်းက ရွှေသာလျှောင်းဘုရားကို တည်ဆောက်ခြင်း၊ (၄) နောက်ဆုံးမင်းဆက် (၁၇)ဆက် ဖြစ်သော တိဿမင်းသည် မိစ္ဆာအယူတွင်သက်ဝင် ယုံကြည်ရာ၌ သုဒ္ဒါအမျိုးသမီးက တိဿမင်းအား ဗုဒ္ဓဘာသာ အယူဝါဒ ဘက်သို့ပြန်လည် ယုံကြည်လာအောင် စွမ်းဆောင်နိုင်းခြင်း၊ စသည့်အဖြစ်အပျက်များကို တွေ့ရှိရလေသည်။ မြန်မာပြည်အောက်ပိုင်းသထုံ ၊ ရန်ကုန် နှင့် ပဲခူးဒေသတို့တွင် မွန်တို့သည်မြို့ရွာတည် ထောင်ပြီး အုပ်ချုပ်မင်းလုပ်နေစဉ် ထိုင်းနိုင်းငံတောင်ပိုင်းတွင်လည်း လပ်ပူရီ(LOBURI) မြို့ ကို မြို့တော်အဖြစ် တည်ထောင်က ဒွါရဝတီပြည်ကိုတည်ထောင်သော ဘုရင်များလဲရှိသည် ဟု သိ ရလေသည်။ ဒွါရဝတီကို အုပ်ချုပ်နေစဉ် ၁၀ရာစု၁၁ရာစုလောက်တွင်ထိုင်းနိုင်းငံအရှေ့ကမ္ဘောဒီးယား ပြည်မှ မွန်ခမာအနွယ်ဖြစ်သော ခမာလူမျိုးများ ဝင်ရောက်တိုက်ခိုက်သေကြောင့် ဒွါရဝတီ မှ မွန်တို့သည် ထိုင်းနိုင်းငံ မြောက်ပိုင်းသို့ပြောင်းရွေ့ပြီး လန်ဖွန်ဒေသတွင် မြို့ပြတည်ထောင်အုပ် ချုပ်ပြန်လေသည်။ ထိုဒေသတွင် အုပ်ချုပ်မင်းလုပ်သူမှာ “ကျမ်ဒေဝီ” ဟူသော ဘုရင်မဖြစ်ပြီး မြို့၏ အမည်မှာ “ ဟရိပုဉ္စ” ဟုခေါ်တွင်လေသည်။ ဟရိပုဉ္စတိုင်းသည် ထိုင်းနိုင်းငံတွင် မွန်တို့နောက်ဆုံး အခြေစိုက် တည်ထောင်သော နေရာဖြစ်သည်ဟု သိရလေသည်။ အဘယ်ကြောင့်ဆိုသော် ၁၂ ရာစု ပြီးနောက် ထိုင်းနိုင်းငံတွင်းသို့ ယိုးဒယား လူမျိုးများ ဝင်ရောက်ပြီး နောက်မွန်များ ကွယ်ပျောက် သွားသည်ကို တွေ့ရသောကြောင့် ဖြစ်လေသည်။ ထိုင်းနိုင်းငံတွင် ၁၂ ရာစုပြီးနောက် မွန်တို့သည်မြို့ပြတည်ထောင်ပြီး အုပ်ချုပ်မင်းလုပ်နိုင်း ခြင်း မရှိသော်လည်ုးမြန်မာပြည်တွင်း၌မူကား ဝါရီရူးမင်းသည် မုတ္တမမြို့တွင် ကောဇာသက္ကရာဇ် ၆၄၃ခု(အေဒီ၁၂၈၁)တွင် မွန်မင်းဆက်အသစ်ကို စတင်တည်ထောင်နိုင်းသောသူဖြစ်သည်။ ဝါရီရူး မင်းဆက်တွင် မင်းပေါင်း(၁၈)ဆက်သည် မုတ္တမနှင့် ဟံသာဝတီမြို့များကိုတည်ထောင်အုပ်ချုပ်ကြ လေသည်။ ဝါရီရူးမင်းဆက်၏ နောက်ဆုံးမင်းဆက်မှာ “သူရှင်တကာရုပ္ပိ” ပင်ဖြစ်ပြီး ကောဇာသက္က ရာဇ် ၉၀၀(အေဒီ - ၁၅၃၈)လောက်တွင် မွန်မင်း ဆက်သည် တောင်ငူမှ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့၏ စွမ်းရည်သတ္တိကြောင့် ကွယ်ပျောက်ရပြန်လေသည်။ မင်းအမည် မင်းပြုသည့်နှစ် ၁။ဝါရီရှူမင်း ၆၄၃ - ၆၆၈ မုတ္တမ(အေဒီ၁၂၈၁ - ၁၃၀၆) ၂။မကဒါမင်း ၆၆၈ - ၆၇၂ မုတ္တမ ၃။စောအောမင်း ၆၇၂ - ၆၈၅ မုတ္တမ ၄။စောဇိတ်မင်း ၆၈၅ - ၆၉၂ မုတ္တမ ၅။ဇိတ်ဗန်မင်း (ရ) ရက် မုတ္တမ ၆။အိုင်ကန်ကောင် (၄၉) ရက် မုတ္တမ ၇။ဗညားအိုင်လယ် ၆၉၂ - ၇၁၀ မုတ္တမ ၈။ဗညားအူး ၇၁၀ - ၇၃၁ မုတ္တမ(အေဒီ၁၃၄၈ - ၁၃၈၅) ၇၃၁ - ၇၄၅ မုတ္တမ ဟံသာဝတီ ၉။ရာဇာဓိရာဇ် ၇၄၅ - ၇၈၃ ဟံသာဝတီ(အေဒီ၁၃၈၅ - ၁၄၂၃) ၁၀။ဗညားဓမ္မရာဇာ ၇၈၃ - ၇၉၀ ဟံသာဝတီ ၁၁။ဗညားရန် ၇၉၀ - ၈၀၈ ဟံသာဝတီ ၁၂။ဗညားဗရော ၈၀၈ - ၈၁၁ ဟံသာဝတီ ၁၃။ဗညားကျန်း ၈၁၁ - ၈၁၄ ဟံသာဝတီ ၁၄။လိပ်မွန်ထော်(ဗညားဒိဗ္ဗ) (ရ)လ ဟံသာဝတီ ၁၅။ရှင်စောပု ၈၁၄ - ၈၃၂ ဟံသာဝတီ ၁၆။ဓမ္မစေတီမင်း ၈၃၂ - ၈၅၃ ဟံသာဝတီ ၁၇။ဗညားရန်(ဗညားရာ) ၈၅၃ - ၈၈၈ ဟံသာဝတီ ၁၈။သူ့ရှင်တကာရုပ္ပိ ၈၈၈ - ၉၀၀ ဟံသာဝတီ (အေဒီ၁၅၂၆ - ၁၅၃၈) ဝါရီရှူးမင်းဆက်တွင် ထင်ရှားသောဘုရင်များမှာ ဝါရီရှူးအပြင်မင်းဆက်ရှစ်ဆက်မြောက် ဖြစ်သော ဗညားအူးမင်းသည် မုတ္တမမှ ဟံသာဝတီတွင် ထီးနန်းတည်ဆောက်ကာ ပြောင်းရွှေ့အုပ် ချုပ်လေသည်။ ဟံသာဝတီမြို့တော်ကို ကောဇသက္ကရာဇ် ၇၂၆ တွင်တည်ဆောက်လေသည်။ဗညား အူး၏သားတော် ရာဇာဓိရာဇ်မှာလည်း ဤမင်းဆက်တွင် ထင်ရှားသော ဘုရင်တစ်ပါးဖြစ်ခဲ့လေ သည်။ ရာဇာဓိရာဇ်ပြီးနောက် ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့သည်လည်းအလွန်ထင်ရှားကျော်ကြား ကြသော မွန်ဘုရင်များ ဖြစ်ကြလေသည်။ ဝါရီရှူးမင်းဆက်သည် ကောဇာသက္ကရာဇ်(၉၀၀)လောက်တွင် ကုန်ဆုံးသွားပြီးနောက် နောက်ဆုံး မွန်ဘုရင်တစ်ပါးအနေဖြင့် ပေါ်ထွန်းလာသူမှာ ဗညားဒလပင်ဖြစ်လေသည်။ ဗညားဒလ သည် ကောဇာသက္ကရာဇ်(၁၁၀၈) ခုနှစ် (အေဒီ ၁၇၄၇ - ၁၇၅၉)တွင် ဟံသာဝတီကို စုစည်းတည် ထောင်ပြီး မင်းလုပ်အုပ်ချုပ်ရာ(၁၁၁၉) ခုနှစ် တိုင်ပင် ဖြင့်တော့သည်။ ဗညားဒလသည် ဦးအောင် ဇျေယျ၏ စွမ်းရည်သတ္တိကို မယှဉ်နိုင်သဖြင့် ကျဆုံးသွားရလေသည်။ထိုအချိန်မှစ၍မြန်မာပြည်တွင် နောက်ထပ်မွန်တို့ ထပ်မံပြီး မြို့ပြတည်ထောင်ကာ မင်းလုပ်အုပ်ချုပ်သော ဘုရင်၍ ယနေ့တိုင် မပေါ်ထွန်းလာခဲ့ပေ။

ကျန်​စစ်​သား သမိုင်း အ​ကြောင်း




ကျန်စစ်သား သမိုင်း အကြောင်း
အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော်စောလူးမင်းနန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်း ကပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားကသွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသူ့အားကယ်တင် ပါသည်ဟု အော်လေသဖြင့် စောလူးမင်းကိုထားခဲ့ရလေသည်။ရန်သူလက်ချက်ဖြင့် စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို ခရစ်နှစ် ၁၀၈၄ တွင်ဆက်ခံခဲ့ပါသည်။
အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကိုအားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမူ့များကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကိုလက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော် အလောင်းစည်သူ မင်းက ဆက်ခံခဲ့သည်။

ငယ်စဉ်ဘဝ
ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စ၀ံသနေမျိုးဖြစ်၍ အမိဘက်မှ ၀ါးပင်အတွင်းမှ သန္ဓေတည် မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင် ဖေါ်ပြထားသည်။ ကျန်စစ်သားမင်း၏ဘွဲ့တော်မှာ သင်္ကကရိုက်ဘာသာဖြင့် ဂြီ့ဗကြဘရဏတြိဘူပတိ ဖြစ်၍ အဓိပ္ပါယ်မှာ ငယ်ရွယ်ပျိုမြစ်သောမင်း ဟု ကောက်ယူနိုင်သည်။ ထိလိုင်မင်းဟုလည်း နာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ပဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထိလိုင်မင်းဟုလည်း ခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူ တစ်ယောက်ဖြစ်မည်ဟု ထင်ရသည်။ ရာဇ၀င်အချို့တွင် အနော်ရထာမင်းက နန်းအရာကိုလုယူမည်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟုဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမူ့ထမ်းစေခဲ့သည်ဟုဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီးတို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖေါ်ပြကြသည်။
ဟံသာဝတီ (ပဲခူး) ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် စစ်သည်လေးသိန်းအားနှင့် ညီမျှသောသူရဲကောင်း လေးယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟု လည်းပါသည်။ ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာကို ပုဂံဘုရင်အနော်ရထာ မင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇ၀င်များတွင် ဆိုကြသည်။ သို့သော်ထိုအကြောင်း အရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှမတွေ့ရှိခဲ့ရပေ။ ထိုသို့သံယောဇဉ်တွယ်သဖြင့် ဘုရင်ကအမျက်တော် ရှရာ၍ ကျန်စစ်သားကို နှောင်ကြိုးတည်းကာ ခေါ်လာစေသည်။ အနော်ရထာ ကိုယ်တိုင် လှံဖြင့်လွှတ်၍ ထိုးလိုက်သည်တွင် လူကိုမထိမိ နှောင်ကြိုးကိုသာ ထိုးမိ၍ နှောင်ကြိုးပြတ်သွားကာ တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှ ခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ်ရှိပေသည်။ မင်းဒဏ်သင့်နေစဉ် ကာလအတွင်းတွင် သမ္ဘူလနှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမာရ်ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်းဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့်သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇ၀င်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသောအယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန် အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်း တစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။

ထီးနန်းကိုရခြင်း
အနော်ရထာမင်းထံမှ နန်းမွေကိုသားတော်စောလူးမင်းက အေဒီ ၁၀၇၇ တွင်ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာမငြိမ်မသက်ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်းအဖမ်းခံခဲ့ရသည်ဟုရာဇ၀င်ကျမ်းများတွင်ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့တစ်ကိုယ်တော်ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သား သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအားရန်သူလက်အတွင်းထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇ၀င်ကျမ်းတစ်ချို့ ဆိုသည်။ သူပုန်ထသော ငရမန်ကန်းရန်ကို ကျန်စစ်သားဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်းရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်းသိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့်ပတ်သတ်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့်မပတ်သတ်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်းအခမ်းအနားသုံးလှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့်သမီးတော်အား ပေးစားကာ ပေါက်ဖွားသောကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသားထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင်နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။

နန်းတက်ကတိ
`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)
မူရင်း မွန်ဘာသာ ကို ပင် G.H.Luce က ဤသို့ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုထားသည် ကိုလည်း တွေ့ရပါသည်။
“ His Majesty’s desire – quickly they shall be fulfilled. When raiding enemies come up to destroy Pagan , and all four castes of people living there are borne off captive downstream and go to other countries, by the strength lift and energy of the king ,swiftly shall they ascend upstream and take their solace in Pagan again. Of those torn from their dear ones, if those who were sick at heart , by a course of benefits , with water of compassion , with loving-kindness which is even as a hand , he shall wipe their tears , he shall wash away their snot . With his right hand rice and bread , with his left hand ornaments and apparel , he shall give to all his people. Like children resting in their mother’s bosom , so shall the king keep watch over them and help them ”
(1102-AD တွင် ရေးထိုးခဲ့သော ကျောက်စာ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်း)

ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ
ရွှေစည်းခုံစေတီတော်
ကျန်စစ်သားခေါ် ထိလိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမူ့များကို ဖေါ်ထုတ်ခြင်း၊ မွန် သီချင်း၊တီးချင်း၊ကချင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးပဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်ခဲ့သည်။ သို့သော်အလိုက်သိလိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကိုမြင်တွေ့နိုင်လေသည်။
ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများ ဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအခြင်းအရာများကို မွန်ကျောက်စာများတွင် အထင်အရှား တွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်မင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာ အားဖြင့် အောက်ပါအတိုင်းဖေါ်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘုဝနာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့။ ဟုတွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံးဝ မရှိစေရာဟုဆိုလိုပါသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့်သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင်ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများဖြစ်ကြသည်။
ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက်ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ၀ါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင်အထပ်ထပ်ဖေါ်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်းတွေ့ရှိရလေသည်။ တိုင်းသူ၊ပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်းဖြစ်သည်။ ဘုရား၊ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊သံဃာတော်များကို ချီးမြှောက်ပြီး၊ ဆွမ်း၊ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော် တွင်သက်ဝင်ယုံကြည်ခဲ့စေလေသည်။
ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ်အကြာတွင် နန်းတော်သစ်ကိုတည်ဆောက်ခဲ့သည်ဟုဆိုသည်။ နန်းတော်ကို အေဒီ၁၁၀၁ နိုဝင်ဘာ ၄ ရက်နေ့တွင်စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။ ယခုအခါမည်သည့် အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ်တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရ၀ါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်းစသော အယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော်ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာတွင် ကျန်စစ်မင်း၏ဘ၀ကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကိုခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကိုလေ့လာရန်အတွက်လည်းကောင်းများစွာအသုံးဝင်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိမြစေတီ ဘုရားဝင်းအတွင်းစိုက်ထူထားသောကြောင့်မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊မွန်၊မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏လေးမျက်နှာ တွင်ရေးထိုးထားသည်။

မွန်မြန်မာသွေးစည်းညီညွတ်ရေး
အနော်ရထာ ဘုရင် ကွယ်လွန်ပြီး ငှင်း ၏ သားစောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီး နောက် မ ကြာမှီ မြန်မာ နိုင်ငံ တောင်ပိုင်း ရှိ မွန်လူမျိုး တို့ ၏ ပြင်းထန်ကြီးမား သည့် အုံကြွမှုကြီးတရပ် ပေါ် ပေါက် ၍ လာ သည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင် သည့် မွန် တို့  သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့  ချီတက် လာကြ ပြီး လျှင် အမျှော် အမြင် နည်းပါးသည့် စောလူးမင်း အား ဖမ်းဆီး ကွပ် မျက် နိုင်ခဲ့ကြ သည်။
ယင်း သို့ မွန်လူမျိုးများ ၏ ပုန်ကန်ထကြွမှု ကို မြန်မာ ရာဇ၀င်များ ၌ ပြည်တော်သာ ကျွန်းစစ်ပွဲဟု ရေးသား ဖေါ်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့ သည် အထက် မြန်မာနိုင် ငံ အင်းဝ အထိ ချီ တက် တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်း နှင့် အတူ မြန်မာနိုင်ငံ အား စည်းလုံး သိမ်းသွင်း ရာ တွင် ပါဝင်ခဲ့ သည့် မြန်မာ လူမျိုး အကြီး အကဲ တဦးဖြစ်သူ ကျန်စစ်သား သည် အခြား မြန်မာ အကြီး အကဲ များ နှင့် အတူ ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံတလွှား ၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည် ၊ လယ်တွင်းနယ် များ နှင့် မိတ္ထိ လာ နယ် များ တွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့် ကာ ငရမန် ကန်းအား တန်ပြန် တိုက် ခိုက်၍ နောက်ဆုံး ပုဂံအနီးမြင်းက ပါ စစ်ပွဲ တွင် ငရမန်ကန်းတို့  အား အောင်လိုက် နိုင်ပြီး စောလူးမင်း ၏ ဦး ခေါင်း မှ လွင့်စင်ကျသွားသည့် ပုဂံမင်းဆက် ၏ မကိုဋ်သရဖူ အား ကျန်စစ်သားသည် ပြန်လည် ထိမ်း သိမ်း လိုက် နိုင်သည်။
ကျန်စစ်သား သည် ပုဂံထီးနန်း အား သိမ်းပိုက်ပြီး နောက် မွန်မြန်မာ စစ်ပွဲကြောင့် ဒုက္ခ ပင်လယ်ဝေလျက် မြို့ ပျက် ၊ ရွာပျက် ၊ အိုးပျက် ၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့် ကလျား ဖြစ်နေသည့်ပြည်သူပြည်သားများ အတွက် အလေးထား၍ တိုင်းပြည် အား အရေး တ ကြီး ပြန် လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထား သည့် ရွှေစည်းခုံကျောက်စာ အထောက်အထား အ ရ ။ များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။ ဟု ရေးထိုး ထားသည့် ကျန် စစ် သား သည် မြန်မာ လူမျိုး အကြီးအကဲ တဦး အနေဖြင့်ငှင်း ၊ မြန်မာနိုင်ငံ တ နိုင်ငံ လုံး ၏ ခေါင်းဆောင်ကြီး တဦး အ နေဖြင့်ငှင်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေး တော်ပုံ ကို လေး လေး နက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။
ကျန်စစ်သား သည် မွန်တို့ အား မြန်မာတို့ နှင့် တူညီမျှတ သော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲ များအား မြန်မာနိုင်ငံ ၏ အထွေထွေ ကုန်ထုတ် လုပ်ငန်း ၊ အုပ်ချုပ် ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုး များ ၏ ယဉ် ကျေး မှု နှင့် အစဉ်အလာ ကို လည်း လေးစား မှု ပြခဲ့သည်။
မြန်မာ နိုင်ငံ ကမ္ဗည်းကျောက်စာ ဋ္ဌာန မှ စုဆောင်း ရှာဖွေ စာရင်း ပြုလုပ်ထား သည့် ကျန်စစ်သား နှင့် သက် ဆိုင် သည့် ရှေးဟောင်း ကျောက်စာ များ သည် ၊ များသော အားဖြင့် မွန်စာ ၊ မွန်အက္ခရာ များဖြင့် ရေးထိုး ထား သည်ကိုသာ တွေ့ ရှိရသည်။ မွန် မြန်မာ သွေးစည်းညီညွတ်ရေး ကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန် စစ် သား သည် ဆောင်ရွက်လိုက်သည့်အတွက် မြန်မာနိုင်ငံ ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။
တနိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ကာလ ဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း ၊ နိုင်ငံခြားတိုင်းပြည်များ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း အထူးသဖြင့် တရုတ်ပြည် နှင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တို့ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း များပြုလုပ်ခဲ့ သည် ကို တွေ့ ရှိရသည်။
အနော်ရထာ လက်ထက် မှ စတင် ပျိုးထောင်ခဲ့ သည့် ထေရ၀ါဒ ဗုဒ္ဓသာသနာ နှင့် ယဉ်ကျေးမှုများ ကို ဖွံ့ ဖြိုး တိုးတက်အောင်ဆောင် ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာ အတတ်ဖြင့် အနန္ဒာလှိုင်ဂူတော် ကြီး နှင့်သာသနာ့အဆောက်အဦးများစွာကိုတည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက် က အစ မသတ်နိုင်ခဲ့ သည့် ရွှေစည်းခုံစေတီ တော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာ တွင် ပျက်စီး လျက် ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ ၊ သီဟိုဠ် နိုင်ငံများနှင့် လည်း သာသနာ ရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား ၏ နန်းသက် အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့် မည်ဖြစ်သည်။
မြန်မာ နိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီး ငယ် အားလုံး က အသိ အမှတ်ပြု ခန့် ငြား လာ ကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ် တွင် မြန်မာနိုင်ငံ မှ သံအဖွဲ့ ဝင် များ တရုတ် ဧကရာဇ်နန်းတော်သို့ ဆိုက် ရောက်သော အခါ အချုပ်အခြာ အာ ဏာပိုင် သည့်နိုင်ငံကြီးတနိုင်ငံ ၏ ကိုယ်စားလှယ်တော် အဖြစ် တ ရုတ် တို့ က တ ခမ်း တနား တ ဆောင်တယောင် ဧည့်ခံ ဆက်ဆံ ခြင်းပြု ကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ ၌ ဖေါ်ပြ ရေးသား ထားသည်။ ထေရ၀ါဒ သာသနာတော် စည်ပင် ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယ နှင့် သီဟိုဠ် နိုင်ငံများ က လေးလေးစားစား နှင့်ခန့် ခန့် ငြား ငြား ဆက်ဆံကြ သည် ဟု မှတ်တမ်းတင်ခဲ့ကြပါသည်။

တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ

    ရွှေစည်းခုံစေတီတော်(ပုဂံ)

ပုဂံ သမိုင်း မျက်နှာစာ ပေါ်က အနော်ရထာ



အနော်ရထာမင်း (မြန်မာ ၃၇၆-၄၃၉)အား အနော်ရထာမင်းစောဟူ၍လည်း တွင်သည်။ အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည် တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်း၍ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ပုဂံဒေသ မှ ယနေ့တိုင် တွေ့မြင်နိုင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်း မျက်နှာစာ အစကို ရှင်အရဟံ နှင့် လက်တွဲကာ ဖွင့်လှစ်ခဲ့သူ သို့မဟုတ် ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာပြည် အလယ်ပိုင်း ဒေသတွင် ပြန်ပွား စည်ပင်စေခဲ့သူ ဖြစ်သည်။ အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်သည်။ ဖွားမြင်ပြီးနောက် ကျဉ်စိုးမင်းက ထီးနန်းအစဉ်အလာမပျက် အနုရာဓရွာကို စားစေဟု ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် အနုရာဓ ရွာစား မင်းသား ဟုခေါ်တွင်သည်။

ထီးနန်းရရှိပုံ

ကွမ်းဆော်ကြောင်ဖြူမင်းကိုသားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုး နှင့် စုက္ကတေးတို့က အကောက်ကြံကာ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်သည်။ ခြောက်နှစ်အကြာတွင် ညီတော် စုက္ကတေး ကလုပ်ကြံသဖြင့် ကျဉ်စိုးမင်းလွန်ပြီးနောက် စုက္ကတေးမင်း ထီးနန်းပြုနေခဲ့သည်။ စုက္ကတေးမင်းသည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။

("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။

စုက္ကတေး ၏ မိခင် အလယ်ပြင်သည် မိဖုရား နှင့် အနော်ရထာ ၏ မိခင် မြောက်ပြင်သည် မိဖုရားတို့မှာ ညီအစ်မ ဖြစ်ရာ အနော်ရထာ ၏ မိခင်မှာ စုက္ကတေး ၏ မိထွေးတော်သည်။ ထိုစကားကို အနော်ရထာ သိရသောအခါ စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းလေတော့သည်။ အနော်ရထာသည် စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်း ဖြစ်လာခဲ့သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကိုအကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။၎င်းမှာ ကျန်စစ်သား ဖြစ်သည်။

သာသနာအကျိုးဆောင်မင်းမြတ်
အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ အနော်ရထာဘုရင်လက်ထက်တွင် ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ ထိုအချိန်တွင် သထုံပြည် မနူဟာမင်း(မကုတ)၌ ပိဋကတ်တော်အစုံ ၃ဝ ရှိသည်ဟု ကြားသိပြန်ရာ လက်ဆောင်များနှင့်တကွ လိမ်မာသော အမတ်တယောက်ကို သထုံပြည်သို့ လွှတ်၍ တောင်းစေသည်။
အနော်ရထာသည် သုဝဏ္ဏဘူမိ (ယခု သထုံနေရာ) တွင် ပိဋကတ် ၃-ပုံရှိကြောင်းကြားသိရသဖြင့် သံတမန်လွှတ်၍ တောင်းခံစေသည်။ သထုံမင်းသည် မဆင်ခြင်ပဲ မချေမငံသောစကားကို ဆိုလိုက်ရာ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်အောင်နိုင်သောအခါ ပိဋကတ်တော်အစုံ (၃ဝ)ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။ မနူဟာမင်းကိုလည်း ပုဂံသို့ တပါတည်း ခေါ်ဆောင်ခဲ့သည်။ မြင်းကပါအရပ်တွင် တစ်ထီးတစ်နန်း ထားရှိသည်။
ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တ်ာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမ အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။
ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။
မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟူ၍ အရေအတွက်မှတ်သားပြဆိုသော စာဆိုစကား ကျန်ရစ်လောက်အောင် သာသနာ့အဆောက်အဦ ဘုရားပုထိုးများ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် အနော်ရထာသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီးတို့ကို နှိမ်နင်းခဲ့သည်။
အနော်ရထာ ဘုရင်သည် မြောက်ဘက် နှင့် အရှေ့ဘက် ရှမ်းနယ်များနှင့် ရှမ်းလူမျိုးများအား စည်းရုံးသိမ်းသွင်းပြီးနောက် တောင်ဘက်ရှိ မွန်နယ်များနှင့် မွန်လူမျိုးများအား ဆက်လက်သိမ်းသွင်းခြင်း ပြုသည်။ ထို့နောက် အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် မာလာယုကျွန်းဆွယ်ကြီးများအား စိုးပိုင်သည့် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ်နှင့် မွန်လူမျိုးများ၊ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသအား ကမ္ဗောဇဘုရင်များက ၎င်းတို့၏ လက်အောက်ခံ ပဏ္ဏာဆက်ပြည်နယ်များအဖြစ် သဘောထားကာ ဆက်သွယ်နေသော ကြောင့် ဖြစ်သည်၊ အနော်ရထာဘုရင် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်မှာ အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇဘုရင်များ မှ ၀င်ရောက် စွက်ဖက်ခြင်း မတွေ့ ရှိရ သောကြောင့်ဖြစ်သည်။
သို့ သော် ၁၃ ရာစုခန့် တွင် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ ပျက်စီး၍ ထိုင်းရှမ်း လူမျိုးများ သည် အင် ဒို ချိုင်းနား ကျွန်းဆွယ် သို့  ၀င်ရောက်၍ ယိုးဒယား နိုင်ငံ ထူထောင် ကြပြီး နောက် ယိုးဒယား ရှမ်း များ သည် သူ တို့ ကိုယ် သူတို့  မွန်ခမာလူမျိုး တို့ ၏ အရိုက်အရာ ကို ဆက်ခံသည် ဟုယူဆပြီး တနင်္သာရီ ကမ်းရိုးတန်း အထူး သဖြင့် ရေး ၊ မြိတ် ၊ ထားဝယ် ဒေသများ အားပြန်လည်ဖဲ့ယူ ရန်ကြိုးပမ်း သောကြောင့် ၊ ပုဂံခေတ် နောက် ပိုင်း ယိုးဒယား နှင့်မြန်မာ တို့ သည် သမိုင်း တလျှောက်လုံး စစ်မက် တိုက်ခိုက်ခဲ့ကြသည်။
အ နော် ရထာ ဘုရင်သည် မွန်ပြည် နယ် နှင့် မွန်လူမျိုး တို့ အား စည်းလုံး သိမ်း သွင်း ပြီး နောက် ရ ခိုင်ပြည် မြောက် ပိုင်း သို့ ဆက် လက် ချီ တက် သိမ်းသွင်း သည် ၊ ထို့ နောက် နိုင်ငံရေး အရ ၊ အိန္ဒိယ နိုင်ငံ အာသံနှင့် ဘင်္ဂလားနယ် ရှိ ပဋိက္ကရား ပြည် အထိ အနော်ရထာ ဆက် လက်ချီ တက်သည်။ အဘယ့် ကြောင့် ဆိုသော် ရ ခိုင် မြောက်ပိုင်း ဒေသ များ အား အိန္ဒိယ နိုင်ငံ အရှေ့ ဘက် တလွှား မှ မကြာ ခဏ ၀င်ရောက် တိုက်ခိုက် နေသော ကြောင့်ဖြစ်သည်။ အနော်ရထာ သည်ရခိုင် ကမ်းရိုးတန်း ဒေသများ အား နိုင်ငံရေး အ ရ လောက် သာ စည်း လုံးသိမ်း သွင်းခြင်းဖြစ်သည် ပုဂံခေတ်တလျှောက်လုံးတွင် ရခိုင်ပြည် သည်မိမိတို့ ကိုယ်ပိုင် အုပ် ချုပ်ရေး ဖြင့် သီး ခြား လွတ်လပ်စွာ ရှိ နေကြပြီး ရခိုင် လူမျိုး တို့  ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှ တို့ အား အ နော်ရထာ သည် ၀င်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ အနော်ရထာ သည် အဖက်ဖက် မှ စနစ်တကျ စုစည်း တည် ထောင် နေ စဉ် ကြီး မား သည့် အနှောင့် အယှက် တခု နှင့်ကြုံ ရလေသည်။ အဘယ်ကြောင့် ဆိုသော် ပုဂံပြည် ၏ သမထီး ဟူ သော အ ရပ်ဒေသ တွင် တန်ခိုးသြဇာ ကြီးမားလျက် ရှိ သည့် အရည်းကြီး သုံးကျိပ်နှင့်နောက် လိုက် တပည့် ခြောက်သောင်း ကျော် တို့  ၏ ပြဿနာ ဖြစ်သည်။ ယင်း အရည်းကြီး တို့ ၏ ပုဂံပြည်သူပြည်သား များ အပေါ် ၌ ဘာသာ ရေး တန်ခိုး အာဏာ လွှမ်းမိုး မှု သည် အနော်ရထာ ၏ နိုင်ငံ ရေး တန်ခိုး အာဏာ အား ခြိမ်းချောက် လျက်ရှိသည်။ ပုဂံပြည် တွင် အနော်ရထာ နှင့် အရည်းကြီး တို့ သည် မင်းပြိုင် ကဲ့ သို့ ဖြစ်နေသည်။ ထို့ ကြောင့် အနော်ရထာ သည် ပုဂံပြည်သူပြည်သား များ အပေါ်၌ တန်ခိုး အာဏာ ကြီးမားလျက် ရှိ သော အရည်းကြီး တို့  ၏ သြဇာအား ဖြိုဖျက် နိုင်ရန် အတွက် မွန်ရဟန်းတော် အရှင် ဓမ္မ ဒဿီ ဘွဲ့ ခံ ရှင်အ ရဟံ အမှူးပြုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ရဟန်း တော်များ ကို မဟာမိတ်ပြုခဲ့သည်။
ထို ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟန်းတော် များ ၏ အကူ အညီဖြင့် ပုဂံပြည်သူပြည်သား များ အား သာသနာပြုစေ ခဲ့သည်။ ပုဂံပြည် သူပြည်သား များ အ တွင်း ၌ အရည်းကြီး တို့၏ သြဇာ ကျဆင်းသည် နှင့် တပြိုင် နက် အ တင်း အကြပ် လူဝတ် လဲလှယ်စေခဲ့သည်။ ထို့ နောက် ထို အရည်းကြီး လူထွက်များ အားပုဂံပြည် ၏ အ ထွေထွေ ကုန် ထုတ် လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ တွင် နေရာချထား ကြောင်းဖြင့်မြန်မာ ရာဇ၀င် များ ၌ ရေးသား ဖေါ်ပြကြ သည်။ အနော်ရထာ ၏ လုပ်ဆောင် မှုသည် အနာဂတ်မြန်မာ နိုင်ငံ၏ ယဉ် ကျေးမှု ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အတွက် အခြေခံ အုတ်မြစ် ကို ချခဲ့ခြင်း လည်းဖြစ်သည်။
ထို အရည်းကြီး တို့ ဦးဆောင် လျက် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှား တွင် ရာစုနှစ် အတန်ကြာ မျှ အ မြစ် တွယ်နေခဲ့ သည့် ၊ ဗြဟ္မဏ သာသနာ ၊ မဟာယန သာသနာ နှင့် ထန်တရစ်ဝါဒ စသည် တို့ ကို နောက် တန်း သို့ ပို့ လျက် ထေရ၀ါဒ သာသနာ က ရှေ့ တန်း သို့  တက် လာ ခဲ့ သည်။ သို့ ရာ တွင် ထို အရည်း ကြီး တို့၏ သြဇာ အ ရှိန် အ၀ါ သည် လုံးဝ ပျောက် ကွယ် ချုပ်ငြိမ်း သွား သည် ကား မဟုတ်ပေ ၊ နောက် တန်း သို့ လျှော ကျ သွားခြင်း မျှ လောက် သာဖြစ်သည်။
မြန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ သည့် ၀ါဒများ သည်ရောထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ ရှိ နေရဆဲဖြစ်သည်။ သို့ သော် ထင်ရှားသည့် မြစေတီ ကျောက်စာ အထောက်အထားဖြင့် အနော်ရထာ ဘုရင်၏ နန်းသက် အား ၁၀၄၄ ခုနှစ် မှ ၁၀၇၇ ခုနှစ် အထိ ၃၃ နှစ် ဟု သတ်မှတ် သည် ၊နိုင်ငံတနိုင်ငံ ၏ သမိုင်းဖြစ် ပေါ်တိုးတက်မှု အတွက် ၃၃ နှစ် ဟူသည့် အချိန် ကာလသည် တိုတောင်း သည်ဟု ဆိုရမည်ဖြစ်သည် ၊ သို့ သော် လည်း မြန်မာ တနိုင်ငံလုံး နှင့် မွန် ၊ ရှမ်း ၊ ရခိုင် စသည့် တို့ အား သူ့  ခေတ် နှင့် သူ့ နည်း နှင့် သူ စည်းလုံး သိမ်းသွင်း ၍ မြန်မာနိုင်ငံသမိုင်း အခြေခံ အုတ်မြစ်အား စိုက် ထူခဲ့ကြ သော အနော် ရထာ ဘု ရင် နှင့် မြန်မာ လူမျိုး အကြီးအကဲ များ အား အံ့သြကြ ရပြီး အမျှော်အမြင်ကြီးမားမှု အား မော် ကွန်း တင် မှတ်တမ်းပြုကြရ မည်ဖြစ်ပါသည်။ (မသက်ဇင် ၏ အနော်ရထာ ကျိုးပမ်းခြင်းဖြင့် ရှေ့တန်း ရောက်လာသည့် ထေရ၀ါဒသာသနာ)

သူရဲကောင်းများ
အနော်ရထာမင်း လက်ထက်တွင် မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သော ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟူ၍ သူရဲကောင်းလေးဦး ပေါ်ထွန်းခဲ့သည်။ သူရဲကောင်းလေးဦး အပြင် ဗျတ္တ ဆိုသော သထုံက ကုလားတစ်ယောက်လည်း ပါသည်။ ဗျတ္တသည် သထုံပြည်အား အနော်ရထာမင်း တိုက်ခိုက်သောအခါ ပါဝင်ခဲ့သော သူရဲကောင်း ဖြစ်သည်။

မိဘုရားများ
မိုးကောင်းအရှင် မင်းကြီး၏ သမီးတော် စောမွန်လှအား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးကို ရှေ့ရှု၍ အနော်ရထာမင်းအား တရုတ်ပြည်မှ တိုက်ခိုက်အောင်မြင်ပြီးအပြန်တွင် လက်ဆက်ပေးခဲ့သည်။ အနော်ရထာသည် စောမွန်လှအား အလွင်ချစ်မြတ်နိုးပြီး အပါးတော်၌ ထားတော်မှုခဲ့သည်ဟု ဆိုသည်။ ထိုးကြောင့်ပင်လျှင် နန်းတွင်း မနာလိုမှု့များ ဖြစ်ပေါ်ခဲ့ပြီး စုန်းမ ဟုစွက်စွဲခါ ရှမ်းပြည်သို့ နယ်နှင်ခဲ့သည်။ သို့သော် လမ်းတွင် နားဒေါင်းကြရာ တည်းထားခဲ့သော ရွှေစာရံ စေတီတော် ကြောင့် ပုဂံပြည်သို့ ပြန်လယ်ခေါ်ခဲ့သည်။
ပဲခူးဘုရင်သည်လဲ သမီးတော် မဏိစန္ဒာကို အနော်ရထာ မင်းအား ဆက်သခဲ့သည်။

ကျောက်စာများကပြောသော အနော်ရထာမင်းကြီး
အနော်ရထာမင်းစောဟု လူသိများသော အနိရုဒ္ဓ(အေဒီ ၁၀၄၄-၁၀၇၇) မင်း၏ဘွဲ့အမည်မှာ သင်္သကရိုက်ဘာသာစစ်စစ်ဖြင့် မဟာရာဇဂြီ့ အနိရုဒ္ဓဒေ၀ ဖြစ်သည်။ သူသည် ပထမမြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့သူဟု ရာဇ၀င်ကျမ်းအဆက်ဆက်တွင် ရေးသားဖေါ်ပြထားသော်လည်း နောက်ပိုင်းတွေ့ရှိချက်များအရ အေဒီငါးရာစုနှစ်မှ- ၇ ရာစုနှစ်အတွင်းပျူတို့ တန်ခိုးသြဇာကြီးလာ၍ ပထမပြည်ထောင်စုတည်ထောင်ခဲ့သည်ဟူသော အယူအဆသာပိုမိုသက်သေပြနိုင်ပါက အနော်ရထာမင်းကြီးသည် ဒုတိယပြည်ထောင်စုကို တည်ထောင်ခဲ့သူသာ ဖြစ်ပေမည်။ အနိရုဒ္ဓမင်းကြီး၏ ကောင်းမူ့တော် မြေပုံဘုရားများကို ပုဂံအတွင်းအပြင်၊တကောင်း၊မိတ္ထီလာ၊မင်းဘူးနှင့် ပြည်အစ ရှိသော နေရာဒေသများတွင် တွေ့ရသည်။ မြောက်ဘက်အကျဆုံးအနေဖြင့် မိုးမိတ်နယ်ရှိနွားတလဲရွာဆိုးဆိုသော အရပ်တွင်တွေ့ရ၍ တောင်ဘက်အကျဆုံးအဖြစ် မြိတ်မြို့နယ်တွင်တွေ့ရသည်။ ထို့ကြောင့် အနိရုဒ္ဓမင်းကြီး၏ အာဏာစက်မှာ မြောက်ဘက်မိုးမိတ်နယ်မှ တောင်ဘက်တနသာင်္ရီနယ်ထိ ကျယ်ပြန့်လှပါသည်ဟုဆိုနိုင်သည်။သို့သော်တနသာင်္ရီနယ်ကို မင်းကြီး ချီတက်သိမ်းပိုက်ခဲ့သည် ဆိုသောအချက်မှာ သမိုင်းပညာရှင်များ အချီအချပြောနေကြဆဲဖြစ်သည်။
မင်းကြီး၏ကောင်းမူ့တော် မြေပုံဘုရားများသည်အရွယ်အစားအားဖြင့် အလျား ခုနစ်လက်မ၊အနံ ငါးလက်မ၊ထုသုံးလက်မ ရှိတတ်သည်။ အရွယ်အစားနှင့် အသေးစိတ်လက်ရာများ အနည်းငယ်ကွဲပြားခြားနားတတ်သည်။ မြေပုံဘုရားများ၏ ပုံသဏ္ဍန်မှာ ရှေ့တွင် မြတ်စွာဘုရားပုံတော်ကို လောကနာထနှင့် မေတ္တယ ဘုရားလောင်းနှစ်ပါး ခြံရံထား၍ လည်းကောင်း၊ တစ်ခါတစ်ရံ ထူပါရုံနှစ်ဆူခြံရံထား၍လည်းကောင်းထုလုပ်ထားသည်။ ကျောဘက်တွင်ဆုတောင်းစာ နှင့် သွန်းလုပ်လှူဒါန်းသူ မင်းကြီး၏နာမည်ကိုတွေ့ရှိနိုင်သည်။ ထိုစာများကို ပါဠိ၊ သင်္သကရိုက်ဘာသာနှစ်ခုရောပြီး ရေးသားထား၍ ရေးဟန်မှာအောက်ပါအတိုင်းဖြစ်သည်

မင်းအနိရုဒ္ဓ တည်းဟူသော ငါသည် သုဂတ(ဗုဒ္ဓ) ပုံကိုသွန်းလုပ်စေ၏။ ငါကောင်းမူ့ကြောင့် မေတ္တယ ဘုရားဖြစ်လျှင် ငါလည်းနိဗ္ဗာန်ရစေသတေး ။

အေဒီ၁၄၈၀ တွင်ရေးထိုးထားသော ကလျာဏီ ကျောက်စာတွင် အနိရုဒ္ဓမင်းကြီးသည် အေဒီ၁၀၅၇ တွင် သထုံကိုသိမ်းယူခဲ့သည်ဟုပါသည်။ ရာဇ၀င်အစောင်စောင်တို့တွင် ပါရှိသကဲ့သို့ သာသနာရေးသက်သက်ကြောင့်စစ်ခင်းခဲ့သည်ဆိုသည်မှာ မဟုတ်တန်ရာဟု သမိုင်းပညာရှင်တချို့က ယူဆထားကြသည်။ အမျိုးသား ကြီးကျယ်မြင့်မြတ်ရေးကိုလည်း ရှေးရူပြီးအောက်မြန်မာနိုင်ငံကိုဝါးမြိုခဲ့ခြင်းလည်းဖြစ်နိုင်သည်ဟု ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်ကြီးများက ယုံကြည်ထားကြသည်။ မည်သို့ပင်ဖြစ်စေ အနိရုဒ္ဓမင်းကြီးသည် သထုံကို ရခြင်းနှင့်အတူ ဗုဒ္ဓဘာသာနှင့် မွန်ယဉ်ကျေးမူ့များကိုလည်း ရယူပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသကို ရရှိခြင်းကြောင့်လည်း သီဟိုဠ်နှင့် ပင်လယ်ကူး ဆက်သွယ်ရေး တိုက်ရိုက် ရရှိနိုင်ခဲ့သည်။
ယင်းဆက်ဆံမူ့များကို မြန်မာရာဇ၀င်၊သီဟိုဠ်ရာဇ၀င် များတွင်ဖေါ်ပြထားသည်။ မှန်နန်းရာဇ၀င်(အပိုဒ်၁၃၅)အရ အနိရုဒ္ဓသည် မိမိတည်ထားသော ရွှေစည်းခုံစေတီတွင် ဌာပနာရန် ဆွယ်တော်တစ်ဆူကို သီဟိုဠ်၌ အပင့်လွှတ်သည် ဟုပါရှိသည်။ စူဠ၀ံသ ပထမတွဲ(စာမျက်နှာ၂၀၂-၂၃၄) တွင်လည်း ၀ီဇယဗာဟု ခေါ် သီရိလင်္ကာဗောဓိ အမည်ရှိ သီဟိုဠ်မင်းက တောင်ပိုင်းအိန္ဒိယမင်းတို့လာရောက်တိုက်ခိုက်သောကြောင့် ရာမညမင်းထံလက်ဆောင်များစွာပို့၍ သဘောင်္တစ်စင်းကို အကူအညီတောင်းသည်ဟုပါရှိသည်။ ထိုသို့အကူအညီ တောင်းခံချိန်သည် အေဒီ၁၀၆၀ မှ ၁၀၆၃ ထက်နောက်မကျနိုင်သောကြောင့် အကူအညီပေးသော မင်းမှာ သထုံကိုသိမ်းပိုက်ပြီးသော အနိရုဒ္ဓမင်းကြီးပင်ဖြစ်ပေသည်။ နောက်ထပ်တကြိမ်တွင်လည်း သီဟိုဠ်တွင် သာသနာရေး ပြုပြင်မူ့များပြုလုပ်လိုသောကြောင့် သီဟိုဠ်ဘုရင်က ရဟန်းတော်များစေလွှတ်ပေးရန် အနိရုဒ္ဓမင်းကြီးထံ တောင်းခံလာပြန်သည်။ အနိရုဒ္ဓမှ ကူညီခဲ့သောကြောင့် သီဟိုဠ် နှင့် မြန်မာနိုင်ငံသည် အနိရုဒ္ဓလက်ထက်ကပင် သာသနာရေးမဟာမိတ်များ အဖြစ်ဆက်သွယ်ကူညီမူ့များရှိခဲ့ကြသည်။ မင်းကြီး၏အခြားဆောင်ရွက်ချက်များ ဖြစ်သော တရုတ်နိုင်ငံသို့ချီတက်ခြင်းစသော ကိစ္စများအတွက်မူ ငြင်းဆိုရန် သို့မဟုတ် ထောက်ခံရန်အတွက်မည်သည့် အထောက်အထားမှ မတွေ့ရှိရသေးပေ။အနော်ရထာ လွန်လျှင် သားဖြစ်သူ စောလူးမင်းနန်းဆက်ခံသည်။

ပထမမြန်မာနိုင်ငံတော်နှင့် အနော်ရထာ
၁၁ ရာ စု ကျော်ခန့် အနော်ရထာ မင်း နန်းတက် ချိန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘေးပတ်ဝန်း ကျင် အား လေ့ လော ကြည့် လျှင် အ ရှေ့ ဘက် တွင် အင်အားကြီး မား သည့် တရုတ် နိုင်ငံကြီး အား စည်း လုံး သိမ်းသွင်း ခဲ့ သည့် တန်မင်း ဆက်ပြတ်သွားပြီး ၊ ကင်း နှင့် ဆွန်မင်း ဆက်များ သည် တရုတ်ပြည် အား တောင်ပိုင်း နှင့် မြောက် ပိုင်း တပိုင်း စီ အုပ်ချုပ် နေ ကြပြီး ၊ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချို နိုင်ငံတော် သည်တရုတ် ပြည်တောင်ပိုင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့်အာသံနယ်များအထိ တန်ခိုး သြဇာ ပြန့် နှံ့ လျက် ရှိသည်။
အင်ဒိုချိုင်းနား ကျွန်းဆွယ် ဘက် တွင် ခမာလူမျိုး များ ၏ ကျော် ကြား ထင်ရှား သည့် ကမ္ဗောဇ နိုင်ငံ တော်ကြီးရှိပြီး မြန်မာနိုင်ငံမှ တနင်္သာရီ ကမ်းရိုးတန်း နှင့် မာလာယု ကျွန်းဆွယ် များ အထိ တန်ခိုး သြဇာ ပြန့် နှံ့လျက် ရှိ သည်။အင်ဒိုနီးရှင်း ကျွန်း စု ဘက် တွင် အိန္ဒိယ သမုဒ္ဒရာ အား လွှမ်း မိုး လု မတတ် တန်ခိုး သြဇာ ကြီး မား သည့် သီရိဝိ ဇယ နိုင်ငံတော် ကြီး ရှိသည်။ အိန္ဒိယ နိုင်ငံ တောင်ဘက် ဒေသများ နှင့် သီဟိုဠ်ကျွန်း အပါ အဝင် ဘဂ်လား အော် နှင့် အာရပ် ပင်လယ် များ အထိ တန်ခိုးသြဇာကြီး မားသည့် ချိုလာ နိုင်ငံတော်ကြီး စည်းလုံးမှု ပျက်ပြား စ ပြု လျက် ရှိသည်။
အိန္ဒိယ နိုင်ငံ မြောက်ဘက် တွင် မူစလင် များ ၀င်ရောက် ကာ လွှမ်းမိုး စ ပြုလျက် ရှိသည် ကို မြန်မာနိုင်ငံဘေး ပတ်ဝန်းကျင်တွင် တွေ့ ရှိရ သည်။ မြန်မာနိုင်ငံ တွင်း၌ လည်း အလယ်ပိုင်း ဒေသတ၀ိုက် တွင် ပျူ နှင့် မြန်မာ ရောထွေး လျက် ငှင်း။ တောင်ပိုင်း ဒေသ တ၀ိုက် တွင် မွန်လူမျိုး များ သည် မြို့ ပြပြည် နယ် များ ထူ ထောင် လျက် လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အရ ကမ္ဗောဇ နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက် ရှိ သည်။ရခိုင် ကမ်းရိုးတန်း ဒေသ တွင် ရခိုင်လူမျိုးစု များ သည် ကိုယ်ပိုင် အုပ် ချုပ်ရေး နှင့်ပြည်နယ်ကလေးများ ထူ ထောင်လျက် ရှိပြီး ၊ အိန္ဒိယ နိုင်ငံ ဘဂ်လား နယ် ၏ လွှမ်းမိုး တိုက်ခိုက် မှု ကို တွန်းလှန် ခု ခံ နေ ရ သော အ ချိန်ဖြစ်သည်။မြောက်ဘက်နှင့် အရှေ့ ဘက် တောင်ကုန်း ဒေသ များ တွင် ရှမ်း လူမျိုး များ သည် စော်ဘွား များ အုပ်ချုပ် သည့်မြို့ ပြ ပြည်နယ် များ ထူထောင်လျက်ရှိသော် လည်း လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အား ဖြင့် ထိုင်းရှမ်းတို့ ၏ နန်ချို နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက်ရှိသည်။ကယား ပြည်နယ် ၊ မိုးဗြဲနယ် နှင့် သံလွင် တ၀ိုက် တွင် ကရင်လူမျိုးစု များ သည် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေးများဖြင့် တသီးတခြား နေထိုင် လျက်ရှိကြသည်။ တောင်ဘက် တလွှား တွင် အင်အားကြီးမား လာသည့် မွန်လူမျိုးများသည်၎င်း မြန်မာ နိုင်ငံမြောက်ဘက် နှင့် အရှေ့ ဘက် တလွှားရှိ ရှမ်း လူမျိုး များ သည် ငှင်း မြန်မာ နိုင်ငံ အပြင် အပ မှ တန်ခိုးကြီး နိုင်ငံ နှစ်နိုင်ငံ တို့  ၏ ကျောထောက်နောက်ခံမှုကို ရရှိထားကြသဖြင့်၊ အနော်ရထာမင်းနန်း တက်ချိန် ပုဂံပြည် တ၀ိုက်တွင် နေထိုင်လျက် ရှိကြသည့် မြန်မာလူမျိုးများသည် ကြားတွင် အညှပ်ခံနေရ သကဲ့သို့ ရှိပြီး များစွာ စိုးရိမ်ထိပ်လန့် ဖွယ်ရာ အခြေသို့  ဆိုက်ရောက်လျက်ရှိသည်။
ထိုကဲ့သို့ ရင်ဆိုင်နေရသည့် ပြည်တွင်းပြည်ပ အခြေအနေ အရပ်ရပ် များကြောင့် ကိုးရာစုခန့် တွင် နန်ချို ထိုင်း ရှမ်း များ က ပျူလူမျိုးများ အား တိုက်ခိုက် ဖျက်ဆီးခြင်း ခံလိုက်ရ သောကြမ္မာမျိုး ပုဂံပြည်တွင် နောက် ထပ်တဖန် ဆိုက်ရောက် ခြင်း မရှိစေရန် အတွက် အနော်ရထာ ဘုရင် နှင့်မြန်မာလူမျိုး အကြီးအကဲများသည် မိမိတို့၏ ရပ်တည်မှု နှင့် လုံခြုံမှု တို့ အတွက် ရှေးဦးစွာ မိမိတို့ အင်အားကိုတိုးချဲ့ခြင်း ဖြည့်တင်းခြင်းနှင့် စည်းလုံးခြင်း များပြုကြသည်။
အနော်ရထာ ဘု ရင်နှင့် မြန်မာ အကြီး အကဲ များ သည် ပုဂံပြည် ၏ အင်အား ကို တိုး ချဲ့ဖြည့် တင်း သည် ဆိုရာ ၌ ထို အချိန်က မြန်မာလူမျိုး တို့ ၏ အဓိက ကုန်ထုတ် လုပ်ငန်းဖြစ်သော ရေသွင်း စိုက်ပျိုး ရေးလုပ်ငန်း ကို တိုး ချဲ့ စိုက် ပျိုး ၍ ကာကွယ် ရေး အင်အား ကို ဖြည့် တင်းခြင်း ပင်ဖြစ်သည်။ သမိုင်းဝင် အထောက် အထား များ အရ အနော်ရထာ ဘုရင်ဦး ဆောင် သော မြန်မာလူမျိုး များ သည်ကျောက် ဆည်နယ်ရှိ ပန်း လောင်း နှင့် ဇော်ဂျီမြစ် တို့  ကို အမှီပြု ကာ ဆည်ကြီး ၇ ဆည် ကို တူးဖေါ် ခဲ့ကြသည်။ ၃ နှစ် ခန့် အလုပ်သမား ပေါင်းမြောက် များ စွာ ဖြင့် လုပ်ဆောင်ခဲ့ရကြောင်း မြန်မာရာဇ၀င် ဟောင်းများ ၌ ရေး သား ထားသည်။
ထို့ အပြင် ပျက်စီးလျက် ရှိသည့် မိတ္ထီလာကန်ကြီး ကို လည်းပြန် လည်ပြင်ဆင် ၍ ရေသွင်း စိုက်ပျိုးရေး လုပ် ငန်း အတွက် ချဲ့ ထွင်ခြင်း ပြုကြသည်။ ထိုသို့  ဆည်ပေါင်း များ စွာ တိုးချဲ့လိုက် သဖြင့် အထွေထွေစီး ပွား ရေး သည် တရှိန် တည်း တိုးတက် လာကာ ကျောက်ဆည်နှင့် မိတ္ထီလာ နယ်များ သည် ပုဂံပြည် ၏ စပါး ကျီ များ ဖြစ်လာသည်။ စီးပွားရေး သော့ချက် လည်းဖြစ်လာသည်။ ပုဂံပြည် ၏ အင်အား သည်လည်း တိုးတက်ပြည့်ဖြိုးလာသည်။ ထို့ နောက် ရိက္ခာ ၊ ဘဏ္ဍာများ စွာကုန်ကျခံကာ လူမြောက် များစွာ သုံးပြီး ရှမ်းမြန်မာနယ်စပ် တလျှောက် ၊ ဗန်းမော်မှ တောင်ငူ အထိ ကင်းမြို့ ၄၃ မြို့ မျှ ဖွဲ့စည်း တည် ထောင်သည်။ ယင်းသို့  နယ်စပ်တလျှောက် ကင်းမြို့ ၄၃ မြို့ ကို စံနစ် တကျ ဖွဲ့ စည်း တည်ထောင်ပြီး နောက် မြန်မာနိုင်ငံ မြောက်ဘက် နှင့် အရှေ့  ဘက် ရှိ ရှမ်းနယ်များ သို့ ချီတက် သိမ်းသွင်းသည်။ ထို့ နောက် ပုဂံပြည် နှင့် ယူနန်အကြား ရှိ ရှမ်းနယ်များ ကို နန်ချိုနိုင်ငံ ဘုရင်များ က ငှင်းတို့ ၏ ပဏ္ဍာဆက် အ ဖြစ်သဘောထား ကာ ဆက်သွယ် နေသောကြောင့် နိုင်ငံရေး အရ အနော်ရထာ ဘုရင် သည် နန်ချို နိုင်ငံသို့  ချီတက်သွားရောက် သည်။ ထိုအချိန်က နန်ချို နိုင်ငံ ၏ စည်းလုံး မှု ပျက်ပြား လျက် အင်အား လျော့ပါး နေ သော အချိန် လည်းဖြစ် ၍ အောင်အောင်မြင်မြင်ဖြစ်ခဲ့သည်။ အဘယ် ကြောင့် ဆိုသော် အနော်ရထာ ဘုရင် လက်ထက် မှ အစပြု ၍ ပုဂံ ခေတ် တလျှောက်လုံး မြန်မာနိုင်ငံ အတွင်း ရှိ ရှမ်းနယ်များ ၏ အရေး အခင်း နှင့် ပတ်သက် ၍ နန်ချိုမင်းဆက် ဘုရင်များ ၏ ၀င်ရောက် စွက်ဖက်မှု ကို မတွေ့ ရှိရသောကြောင့်ဖြစ်သည်။
မြန်မာ နိုင်ငံ မြောက်ဘက်နှင့် အရှေ့ ဘက် ရှိ ရှမ်းနယ်များ ကို အနော်ရထာဘုရင်သည် စည်းလုံး သိမ်း သွင်း သည်ဆိုရာ၌ ရှမ်း နယ်များ ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု တို့ အား ၀င် ရောက် စွက်ဘက်ခြင်း ပြု သည်ကို မတွေ့ ရပဲ နိုင်ငံရေး သဘော မျှ လောက်သာပင် ချုပ်ကိုင်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် ၏ စော်ဘွား အကြီး အကဲ များ က ပုဂံမင်းဆက် ဘုရင်များ အား ခါ အား လျော်စွာ လက်ဆောင်ပဏ္ဍာ ဆက်သွင်းခြင်းပြု ရ သော နိုင်ငံရေး ဆက်ဆံ မှု လောက် သာဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်း တလျှောက်လုံး လိုလို ပင် ရှမ်းနယ် အကြီး အကဲ များ သည် မိမိတို့ ၏ ပြည် နယ် များ ကို မိမိတို့ သဘော အတိုင်း လွတ်လပ် စွာ အုပ်ချုပ်ခဲ့ကြ သည်သာ ဖြစ်သည်။ တနိုင်ငံလုံး ၏ အရေး နှင့် သက်ဆိုင် ခြင်းမရှိ လျှင် မြန်မာမင်းဆက် ဘုရင်များ သည် ရှမ်းပြည်နယ် များ ၏ အုပ်ချုပ်ရေး အား ၀င် ရောက်စွက် ဖက်ခြင်းပြု သည်ကို လည်း မတွေ့ ရချေ။

နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ
မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာ (မွန်) နိုင်ငံဖြစ်သော ကမ္ဗောဒီယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတနိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။
ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “ မဟာဇေယျဘယမင်း ” ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနား ပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယား ရာဇဝင် တဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။
ယင်းသို့ နိုင်ငံတော်ကို ချဲ့ ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန်ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။
ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် မြန်မာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း ၄၃ မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။
အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသောဆင်တော် သန်မြန်စွာကို ချွမ်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်၌ပင် ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။ သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို ၃၃ နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူမင်း နန်းတက်သည်။
မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား……

အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။
အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။
မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။
အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။
အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။
အရှေ့ တောင်ထာင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။

တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ

လောကနန္ဒာစေတီ(ပုဂံ)
တန့်ကြည့်တောင်စေတီ
ရွှေစည်းခုံစေတီတော်(ပုဂံ)
ရွှေဆံတော်စေတီ(ပုဂံ)
တူရင်းတောင်စေတီ
ငှက်ပစ်တောင်ဘုရား
ဥပါလိသိမ်